News

POST TYPE

TIP

ရစ်ချတ် လျူကျင်တောင်း (Richard Liu Qiangdong)
03-Feb-2018 tagged as တရုတ်



ရစ်ချတ်သည် JD.com ဆိုသည့် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး e-Commerce ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါ သူသည် ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ကြွယ်ဝသည့် သူဌေးကြီးအဖြစ် ရပ်တည်နိုင်နေပြီဖြစ်သည်။ သူ့ထံတွင် ပြည်ပအဆက်အသွယ်များနှင့် မည်မျှအထိ ခြေလှမ်းထားသည်ကို မည်သူမှမသိနိုင်သည့် အနေအထားတွင်ရှိသည်။

ယခုအခါ လျူသည် အရှေ့တောင်အာရှနိုင်ငံများတွင်သာမက လုပ်ငန်းများကို ဥရောပတိုင်အောင် နယ်ချဲ့ထားသည်။ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်သည့် လျူသည် ယခုနှစ်မှ ဆွစ်ဇာလန်နိုင်ငံ Davos တွင် ကျင်းပသည့် World Economic Forum ၌ ပထမဆုံး မျက်နှာထွက်ပြသည်။ ကမ္ဘာကျော်ကုမ္ပဏီကြီးများနှင့် လုပ်ငန်းရှင်ကြီးများ တက်ရောက်သည့်ထိုပွဲတွင် လျူက စကားပြောခွင့်ရသည်။ ထိုအချိန်မှ သူ့အကြောင်းကို သိခွင့်ရကြသည်။

“ကျွန်တော် စီးပွားရေးစလုပ်ချင်တာ အဘွားကြောင့်ပါ။ အဘွားက အဲဒီအချိန်မှာ နေမကောင်းဘူး။ သူ့ကို ဆေးကုဖို့ ငွေအများကြီး လိုနေတယ်။ ကျွန်တော်တို့မှာ အဲဒီအချိန်က ငွေတစ်ပြားမှမရှိဘူး”ဟု သူက ဆိုသည်။

လုပ်ငန်းအနေနှင့် JD ကို ထူထောင်ရင်းက ခက်ခဲပင်ပန်းစွာ ကြိုးစားရင်း ကုမ္ပဏီကို ဒေါ်လာ ၆၇ ဘီလီယံခန့် တန်ကြေးရှိသော ကုမ္ပဏီကြီးဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ ယနေ့ သူ့ကုမ္ပဏီ၌ ဝန်ထမ်းပေါင်း ၁၆၂၀၀၀ ကို ခန့်ထားနိုင်ပြီး၊ ပြည်ပ နိုင်ငံကြီးများတွင်ပါ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နိုင်ခဲ့သည်။

သူ့စိတ်ကူး ပထမဆုံးဖြစ်မိသည်က နိုင်ငံခြားထုတ် နာမည်ကျော်တံဆိပ်များကို နိုင်ငံခြားမထွက်ဘဲ မည်သို့ တရုတ်နိုင်ငံတွင် ရရှိနိုင်စေရန် လုပ်ဆောင်ပေးမည်နည်းဖြစ်သည်။ နိုင်ငံခြား Brand များကို တရုတ်နိုင်ငံတွင် ရအောင်လုပ်ပေးနိုင်ပြီးမှ တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသော Brand များကို နိုင်ငံခြား ပြန်ထိုးဖောက်ရေးသည် သူ၏ ရည်မှန်းချက်ဖြစ်သည်။

“ကျွန်တော် ယုံကြည်ထားတာက လာမယ့် ၁၀ နှစ်အတွင်း တရုတ် brand တွေဟာ ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးရမယ်ဆိုတာပဲ”ဟု သူက ဆိုသည်။

JD သည် ပထမဆုံး ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဒေသဘာသာစကားဖြင့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်သည့် အွန်လိုင်းဈေးဝယ် Site တစ်ခုကို လွှင့်တင်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားဖြင့် ဈေးဝယ်လမ်းညွှန် Site မလွှင့်တင်မီ ကြိုတင် စမ်းသပ်ကြည့်ခြင်းဖြစ်သည်။ ထိုနှစ်တွင်ပင် ဗီယက်နမ်ကို ဝင်တိုးသည်။ ယခုနှစ်တွင် ဗီယက်နမ်၌ e-Commerceကုမ္ပဏီတစ်ခုကို စတင်ထူထောင်နိုင်ခဲ့ပြီဖြစ်သည်။

JD သည် တရုတ်စီးပွားရေး ဗျူဟာအတိုင်း လုပ်ငန်းတိုင်း၊ နေရာတိုင်းကို သိမ်းပိုက်စိုးမိုးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ တရုတ်က“One Belt and One Road” ဆိုသည့် ပရောဂျက်တွင် ပါဝင်လှုပ်ရှားနေသည်။ ထိုလမ်းစဉ်အတိုင်း သူ့ကုမ္ပဏီက လိုက်ပါလှုပ်ရှားနိုင်စေရန် သူက အသင့်ပြင်ဆင်ထားသည်။ 

JD ကို ထူထောင်သည့် လျူကို နိုင်ငံရပ်ခြားဈေးကွက်တွင် သိပ်သိကြသည်မဟုတ်။ ယခုနှစ် ကမ္ဘာ့ဈေးကွက် ထိပ်သီးများတွေ့ဆုံပွဲ၌ တက်ရောက်လာသည်ကိုက ထူးခြားနေသည်။ တရုတ်က သူတို့၏ ဘီလီယံကြွယ်သူဌေးလေးကို တစ်နည်းနည်းဖြင့် ပွဲထုတ်လာပြီဟု ယူဆရသည်။ 

လျူကို တရုတ်နိုင်ငံမြောက်ပိုင်း၊ ကျင်စုနယ်မှ ဆင်းရဲသည့် မိသားစုက မွေးဖွားလာသည်။ သူ့ကို တရုတ်နိုင်ငံမှ နာမည်ကျော် သူဌေးကြီးများဖြစ်သည့် Alibaba Group မှ ဂျက်မာယန်လောက်လည်း မသိကြ။ Tencent Holding ကုမ္ပဏီပိုင်ရှင် ပိုနီမာဟွာတန်လောက်လည်း မထင်ရှား။ Baidu မှ ရော်ဘင်လီ ဟန်ဟောင်လောက်ပင် သိသူရှိအံ့မထင်။ သူသည် မည်သည့်မျက်နှာဖုံးတွင်မှ အတင်ခံရသူ မဟုတ်သေး။ သို့သော် ဘီလီယံကြွယ် သူဌေးလေးတော့ ဖြစ်နေပြီ။

သူသည် ဘေဂျင်းတွင် ကွန်ပျူတာ အရောင်းဆိုင်လေးတစ်ဆိုင် စဖွင့်ပြီး ဘဝကို စတင်ခဲ့သည်။ ကွန်ပျူတာပစ္စည်းများကို ရောင်းချသည့် ဆိုင်လေးတစ်ဆိုင်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ကံမကောင်းစွာဖြင့် သူ့ဆိုင်လေးကို ပိတ်လိုက်ရသည်။ ဆိုင်ပိတ်လိုက်ရပြီး အိမ်အောင်းနေရာက အွန်လိုင်းကို စိတ်ကူးရသွားခြင်းဖြစ်သည်။ JD ဆိုသည့် အွန်လိုင်းက ဈေးရောင်းရန် စိတ်ကူးက ယနေ့သူ့ကို ဘီလီယံကြွယ် သူဌေးကြီးဖြစ်စေခဲ့သည်။

World Economic Forum တွင် သူက အင်တာဗျူးခွင့်ပေးသည်။ သူက JD ဆိုသည့် အမည်လေး ပေးဖြစ်ပုံကို ရှင်းပြသည်။ သူက အရွှမ်းဖောက်ပြီး -

“ခင်ဗျားတို့မေးတာကို ဖြေနေချိန်မှာ ကျွန်တော့်ဇနီး ရှိမနေလောက်ဘူး ထင်တာပဲ”ဟု ပြောသည်။

“ J ဆိုတာက ကျွန်တော့်ရည်းစားဦး Jing ကို ကိုယ်စားပြုပါတယ်။ D ဆိုတာကတော့ ကျွန်တော့်နာမည် Dong ကို အတိုကောက်ခေါ်ထားတာပါ”ဟု ဆိုသည်။

သူက ထိုသို့ပြောနေချိန်တွင် အသက် ၂၄ နှစ်အရွယ် ဇနီးဖြစ်သူ ကျန်ဇီရှန်းက ပရိသတ်ထဲတွင် နို့ခွက်တစ်ခွက်ကိုကိုင်ရင်းက သူ့ကို ပြုံးကြည့်နေသည်။ 

လျူသည် မနက် ၇ နာရီတွင် အိပ်ရာက ထသည်။ ၈ နာရီခွဲတွင် စီနီယာမန်နေဂျာများနှင့် အစည်းအဝေးထိုင်သည်။ အစည်းအဝေးပြီးလျှင် အီးမေးလ်တွေပြန်သည်။ Message တွေကို တုံ့ပြန်ဖြေကြားသည်။ လေ့ကျင့်ခန်းအဖြစ် ရေကူးသည်။ အပြေးလျှောက်သည်။ 

သူ့လုပ်ငန်းက ဖောက်သည်တွေ အွန်လိုင်းကမှာသမျှ အရောက်ပို့ပေးရေးဖြစ်သည်။ ဝါရှင်တန်ဒီစီက မှာလျှင်ပင် ၁၀ ရက်မှ ၁၅ ရက်အတွင်း ရောက်အောင်ပို့သည်။ သူ့ အနာဂတ်စိတ်ကူးက Future of Retail ဖြစ်သည်။ အိမ်တံခါးသာ ဖွင့်ထားပါ၊ မှာလိုက်သည့်ပစ္စည်း အရောက်ပို့ပေးမှာပါဟု သူက ဆိုထားသည်။

JD က တောင်ပံတွေဖြန့်ဝဲပြီး ကမ္ဘာပတ်နိုင်အောင် ကြိုးစားနေသည်။ လူငယ်တစ်ယောက်၏ စိတ်ကူးတစ်ချက်က ဘီလီယံကြွယ်သည့် ဘဝရောက်စေခဲ့ပြီ။

(Ref: South China Morning Post)