News

POST TYPE

TIP

လှည်းကူးတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ အခမဲ့ဖွင့်မည်
30-Jan-2018
ဟင်္သာတ၊ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့အခြေစိုက် လူထုရှင်းသန့်အသင်းအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျောက်ကုဒင်ကျေးရွာအုပ်စု ကမ္မာနိဗ္ဗာန်ကျေးရွာ၌ အခမဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ကြောင်း အသင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်လွင်က ပြောကြားသည်။

အသက်မွေးဝမ်းကျောင်းပညာများအဖြစ် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စက်ချုပ်၊ ကွန်ဖူးသိုင်း ပညာသင်တန်းများပါဝင်ကြောင်း၊ ကွန်ပျူတာသင်တန်း တက်ရောက်လိုသူများအနေနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရန်လည်းကောင်း၊ အင်္ဂလိပ်စာသင်တန်းကို တတိယတန်းအဆင့်မှ ဘွဲ့ရအထိလည်းကောင်း အရည်အချင်းများ သတ်မှတ်လက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါသင်တန်းကို မတ်လ ၂၀ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး စက်ချုပ်ပညာသင်တန်းသားများကို မတ်လ ၄ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း၊ စက်ချုပ်သင်တန်း တက်ရောက်လိုသူများကို အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိသာ လက်ခံမည်ဖြစ်ပြီး ကွန်ဖူးသင်တန်းအတွက် အသက် ၈ နှစ်မှ ၂၀ နှစ်အထိသာ လက်ခံမည်ဖြစ်ကြောင်း လူထုရှင်းသန့် အသင်းအဖွဲ့ဥက္ကဋ္ဌ ဦးထက်ရှင်းသန့်က ပြောကြားသည်။

ယင်းသင်တန်းကို တက်ရောက်လိုသူများအနေနှင့် ဖုန်း - ဝ၉၂၆၂၈၄၀၅၆၅၊ ဝ၉၇၈၄၆၃၉၆၃၃၊ ဝ၉၃၁၃၁၇၇၄၀ နှင့် ဝ၉၄၅၂၆၈၁၁၇၆ တို့သို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကာ သင်တန်းသားဦးရေ ၂၅၀ ကို လက်ခံမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

R-13