News

POST TYPE

TIP

ဂျေးလ်ဘာကာ ( Jill Barker )


“ထင်ရှားသူတို့ရဲ့ ထောက်ခံချက်က အရေးကြီးတယ်”

ကနေဒါနိုင်ငံသူ ဂျေးလ်ဘာကာသည် လန်ဒန်မြို့ကြီးသို့ ရောက်လာပြီး ၁၀ နှစ်ခန့် ရုန်းကန်လှုပ်ရှားခဲ့ရသူဖြစ်သည်။ နောက်သူ့တွင် ကိုယ်ဝန်ရှိသည်။ ကလေးရသည့်အခါတွင် သားအတွက် အသုံးပြုသည့် သေးခံကိုကြည့်ပြီး စိတ်ကူးရမိသည်။ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် အတွင်းခံ တီထွင်လျှင်ကောင်းမည်ဟု စိတ်ကူးရခြင်းဖြစ်သည်။ 

၁၉၉၉ ခုနှစ်ကစတင်ပြီး ကလေးအတွင်းခံပစ္စည်းများကို ထုတ်လုပ်သည့်အပြင် လန်ဒန်မြောက်ပိုင်းတွင် ကိုယ်ပိုင်ကလေးအသုံးအဆောင်ပစ္စည်း ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်လိုက်သည်။ ဆိုင်အမည်ကိုလည်း Green Baby ဟု ပေးလိုက်သည်။

“ကျွန်မကတော့ ဆိုင်မှာ သားလေးနဲ့ထိုင်ပြီး ကြည်နူးနေရတာကို စိတ်ချမ်းသာတယ်။ ကလေးအောက်ခံတွေ ရောင်းနေရတဲ့ အဲဒီအချိန်ဟာ ပျော်စရာအကောင်းဆုံး အချိန်တွေပဲ။ ဒါပေမဲ့ အဲဒီလို ထိုင်ပြီးကြည်နူးနေရတာ သုံးရက်လောက်ပဲခံတယ်”ဟု သူကဆိုသည်။

သူက ဆိုင်မှာထိုင်ပြီး တစ်နေ့လုံး စိတ်ကူးယဉ်နေတတ်သည့် မိန်းမတော့မဟုတ်။ သူက သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမည့် Green ဆိုသည့်သဘောတရားကို အမြဲတမ်းတွေးနေသည်။ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန် သူ ဖန်တီးစီစဉ်နေသည်။ 

“လူတွေက သူတို့ကလေးတွေရဲ့ အတွင်းခံတွေဝယ်ဖို့ မိုင်ပေါင်းများစွာကနေတောင် လာကြတာတွေရှိတယ်။ ဒါကြောင့် ကျွန်မက အီးမေးလ်နဲ့မှာတာတွေကို ပို့နိုင်အောင် စတင်ပြီး စီစဉ်ရတော့တယ်။ တစ်နှစ်လောက်ကြာတော့ Website တစ်ခုဖွင့်ပြီးတော့ လုပ်ငန်းကို စတင်လည်ပတ်တယ်။ ခုတော့ ရောင်းစရာပစ္စည်းတွေက အများကြီးဖြစ်နေပါပြီ”ဟု ရှင်းပြသည်။

ဘာကာက “Green Baby” ဆိုသည့် သဘောတရားနှင့်ပတ်သက်ပြီး ရှင်းပြသည်။ သူအဘယ်ကြောင့် ထိုအမည်လေးကိုရွေးခဲ့ပြီး လုပ်ငန်းတွင် အရေးအပါဆုံးဖြစ်ခဲ့ရသည်ဆိုသည့် အကြောင်းဖြစ်သည်။

“ကျွန်မက နာမည်ပေးမယ်ဆိုတော့ ဘယ်သူမှ မသုံးသေးတဲ့နာမည်ကို စဉ်းစားရတယ်။ ဒါနဲ့ Green Baby ဆိုတာက စိတ်ကူးရတော့ မြန်မြန်မှတ်ပုံတင်ရတယ်။ ခုတော့ ကလေးအသုံးအဆောင် ပစ္စည်းရောင်းတဲ့ “Green” ဆိုတဲ့ အမည်နဲ့ ထုတ်တဲ့ပစ္စည်းတွေ အများကြီးဖြစ်နေပါပြီ။ Website မှာလည်း အဲဒီလို နာမည်တွေအများကြီးပဲ။ ဒါပေမဲ့ ကျွန်မကတော့ အကောင်းဆုံး နာမည်တစ်ခုကို ရခဲ့တယ်လို့ထင်ပါတယ်”

သူ၏ ကလေးပစ္စည်းအရောင်းဆိုင်ကို ဆိုင်လေးဆိုင်အထိ လန်ဒန်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း သူ့ဖောက်သည်တွေက ၄၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ သူအောင်မြင်ခဲ့ရသည့် အကြောင်းတရားတစ်ခုတွင် Green ဆိုသည့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့်ပစ္စည်းများကို ထုတ်လုပ်ရောင်းချသည်ဆိုသော လှုပ်ရှားလုပ်ဆောင်မှုများကလည်း ပါဝင်သည်။

“ဂျူလီရောဘတ်က ကျွန်မရဲ့ကလေးသုံး အောက်ခံပစ္စည်းကို ဝယ်သုံးတယ်။ သူကတစ်ဆင့် သူ့မိတ်ဆွေ ဂွင်းနက်ပါတရိုကို ညွှန်းတယ်။ သူတို့ကတစ်ဆင့် ကျွန်မရဲ့ ကလေးသုံး အောက်ခံပစ္စည်းအကြောင်းကို ထပ်ဆင့်သတင်းလွှင့်တယ်”

ဘာကာက နာမည်ကျော်များ၏ လူသတင်း လူချင်းဆောင်ပြီး သူ့ပစ္စည်း တွင်ကျယ်ခဲ့ပုံကို ပြောနေခြင်းဖြစ်သည်။ အခြားနာမည်ကြီး ဟယ်လီဘာရီကလည်း သူ့ ကလေးအတွင်းခံကောင်းကြောင်း ထပ်ဆင့်သတင်းလွှင့်လိုက်ပြန်ရာ ပိုပြီး အရောင်းတွင်ကျယ်သွားရတော့သည်။

“ပြန်ပြီးတော့ နောက်ကြောင်းကိုပြန်ကြည့်လိုက်တော့ ကျွန်မဘဝမှာ ငွေချေးပြီးတော့ စွန့်စားခဲ့ရတာ အလုပ်ဖြစ်သွားပေလို့ပေါ့။ ခုတော့ ကျွန်မက ပေါင် ၃ သန်းလောက်ရှာနိုင်ခဲ့ပြီလေ”ဟု သူက နောက်ကြောင်းကို ပြန်ပြောပြသည်။

သူက ပထမ သူ့ကိုယ်ပိုင်ပစ္စည်းများကို Website တွင် ရောင်းနေရာမှ အခြားပစ္စည်းများကိုလည်း ရောင်းချရန် စိတ်ကူးရပုံနှင့်ပတ်သက်ပြီး -
“အွန်လိုင်းပေါ်ကနေ ကျွန်မပစ္စည်းတွေကို ရောင်းနေတာဖွံ့ဖြိုးလာပြီ။ လူတွေက ကျွန်မလုပ်တဲ့နည်းအတိုင်း ပုံတူတွေလိုက်လုပ်ကြတယ်။ ဒါကြောင့် ကျွန်မမှာ ပြိုင်ဘက်တွေ များလာတယ်။ သူတို့ကိုလည်း ကျွန်မပစ္စည်းတွေ ယူရောင်းအောင်လုပ်ရတာ အချိန်အတော်လေးယူရတယ်”ဟု ဆိုသည်။ သူကပစ္စည်းများကို အပြန်အလှန်ဖလှယ်ကာ ရောင်းချခြင်းဖြင့် ဈေးကွက်ကို ချဲ့ထွင်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဘာကာအတွက် အကြီးမားဆုံးသော ပြိုင်ဘက်တွေက ပေါ်လာသည်။ သူ့လို Green အမည်တပ်ပြီး ကလေးအတွင်းခံတွေ လိုက်ထုတ်လာသူတွေ များလာသည်။ အထူးသဖြင့် ဗြိတိန် ဆူပါမတ်ကက်ကြီးများတွင် Tesco ဆိုသည့် လုပ်ငန်းကလည်း လိုက်ပြိုင်ဆိုင်လာသည်။ ဘာကာကို တိုက်ခိုက်ရုံမက အွန်လိုင်းကပါ အပုပ်ချစော်ကားမှုတွေ လုပ်လာခြင်းကိုပါ ခံခဲ့ရသည်။

“သူတို့ တိုက်ခိုက်တာတွေက ပြင်းထန်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒါ ကျွန်မတို့ကို တိုက်ခိုက်တာလို့ မမြင်ဘူး။ ကျွန်မတို့က လူတွေကို ပိုပြီးတော့ သဘာဝပတ်ဝန်းကျင်ကို Green ဖြစ်အောင်လုပ်ဖို့ လိုအပ်လာပြီလို့ပဲ မြင်တယ်။ ကျွန်မကတော့ ကျွန်မထုတ်တဲ့ ပစ္စည်းကို Tesco က ကူညီပြီးတော့ ဖြန့်ပေးမယ်ဆိုရင် ဘယ်မှာပြဿနာရှိတော့မှာလဲလို့ပဲတွေးတယ်”

ယင်းသည် ဘာကာ၏ စီးပွားရေးအမြင်ဖြစ်သည်။ ရန်သူကို မတိုက်ခိုက်။ ရန်သူကို ပူးပေါင်းနိုင်ရန် ကြိုးစားခြင်းသည် သူ့စီးပွားတိုက်ကွက်ဖြစ်သည်။ သူက နိဂုံးချုပ်ပြီး အဆုံးသတ်စေရေးထက် အစကို စဉ်းစားတတ်သူဖြစ်သည်။ နောက်ပိုင်း အကြံတူရန်သူဟု မစဉ်းစားဘဲ အကြံတူကို မိတ်ဆွေအဖြစ် ပူးပေါင်းအောင်ကြိုးစားရင်းက အခြားစီးပွားကွက်တစ်ခုကို ထူထောင်နိုင်ရန် ကြိုးစားသည်။ သူ့နောက်လုပ်ငန်းက ခွေးစာ ထုတ်လုပ်ခြင်းဖြစ်သည်။

“ရှင်တို့ တိရစ္ဆာန်မွေးတဲ့သူတွေ သူတို့တိရစ္ဆာန်တွေအတွက် နှစ်တိုင်း ဘယ်လောက်သုံးနေကြသလဲဆိုတာ သိကြသလား”

ဂျေးလ်ဘာကာတစ်ယောက် ကလေးမှ ခွေးကိုလိုင်းပြောင်းသွားသော်လည်း အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ဘဝကို ဆက်လက်ခံယူနေဆဲ ဖြစ်သည်။