News

POST TYPE

TIP

သီအို ပါဖိုင်းတစ် (Theo Paphitis)
13-Jan-2018 tagged as ဗြိတိန်



“ဆုံးဖြတ်ချက်ချဖို့ ဘယ်တော့မှ မကြောက်ပါနဲ့”

ဗြိတိန်နိုင်ငံ၏ ထင်ရှားသော စာရေးကိရိယာဆိုင်ကြီး တစ်ခုဖြစ်သည့် Ryman လုပ်ငန်းစုကြီးကို ပိုင်ဆိုင်သူတစ်ဦးဖြစ်ပြီး သူ၏ အခြားလုပ်ငန်းများဖြစ်သည့် Robert Dyas, Boux Avenue စသည့် လုပ်ငန်းကြီးများကိုလည်း ဦးဆောင်နိုင်ခဲ့သူဖြစ်သည်။ ယခုအခါ သူ၏ ပိုင်ဆိုင်မှုအစုစုမှာ စတာလင်ပေါင်သန်း ၂၈၀ ခန့်ရှိနေပြီဖြစ်သည်။ သူက -
“စိတ်ကူးယဉ်တာနဲ့အမြင်ဆိုတာ သိပ်ကွာခြားလှတယ်လို့တော့ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံးမှာ စိတ်ကူးအိပ်မက်တွေဆိုတာ ရှိတယ်။ စီးပွားရေးလုပ်တဲ့အခါမှာ အဲဒီ စိတ်ကူးအိပ်မက်တွေမရှိရင် အောင်မြင်နိုင်မယ်လို့ မထင်ဘူး။ လျှို့ဝှက်ချက်က ဘာလဲဆိုတော့ စိတ်ကူးကို လက်တွေ့အကောင်အထည် ဖော်တတ်ဖို့ပဲ”ဟု ဆိုသည်။

သူ့ကို ဆိုက်ပရပ်နိုင်ငံ လီမက်ဆိုမြို့တွင် ၁၉၅၉ ခုနှစ်က မွေးဖွားသည်။ ပါဖိုင်းတစ်နှင့်သူ့မိသားစုများသည် သူ ခြောက်နှစ်သားအရွယ်ကတည်းက အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ခိုလှုံရန် ဝင်ရောက်လာသူများဖြစ်သည်။ ပါဖိုင်းတစ်သည် အသက် ၁၆ နှစ်သားအရွယ်တွင် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ 

Lloyds of London ဆိုသည့် အသက်အာမခံ ပွဲစားကုမ္ပဏီတွင် သူက စာရေးများကိုလိုက်ပြီး လက်ဖက်ရည်တိုက်၊ စားပွဲထိုးရသည့် အလုပ်ကို လုပ်ရသည်။ သူ့အသက် ၁၈ နှစ်အရွယ်တွင် လက်လီရောင်းသည့် လုပ်ငန်းကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။ အသက် ၂၀ တွင် စီးပွားရေးလုပ်ငန်းကို အတော်လေး နားလည်လာပြီး သူ့ဘဝကလည်း ပြောင်းလဲခဲ့သည်။ အသက် ၂၃ နှစ်အရွယ်တွင် သူက ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို ထူထောင်နိုင်ခဲ့သည်။ 

ငယ်စဉ်ကတည်းက လုပ်ငန်းကို တစ်ယောက်တည်း တိုးတက်ကြီးပွားအောင် ကြံဆောင်ချင်ပုံနှင့် ပတ်သက်ပြီး သူက -
“ကျွန်တော် ငယ်ငယ်လေးကတည်းက စိတ်ပျက်မိတာက ကျွန်တော့်မှာ စာဖတ်ရ မှတ်ရခက်ခဲတဲ့ Dyslexic ဆိုတဲ့ ရောဂါရှိနေတာပဲ။ ဒါကြောင့်လည်း ကျွန်တော် နာမည်ကျော် တက္ကသိုလ်ကြီးတွေကို မတက်နိုင်ခဲ့ပါဘူး။ ဘာဘွဲ့မှလည်း မရခဲ့ပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အမြဲ လူညံ့တစ်ယောက်လို့ တွေးထင်မိသူပါ။ ဒါပေမဲ့ ကျွန်တော် တကယ်ညံ့သလားလို့ ပြန်စဉ်းစားတယ်။ ကျွန်တော်လည်း ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေနဲ့ ဘာမှမခြားနားဘူးဆိုတာ သိလာတယ်။ ကျွန်တော်ဘယ်သူမှ မမျှော်မှန်းနိုင်တဲ့ အခွင့်အလမ်းတွေကို တွေးနိုင် လုပ်နိုင်တယ်။ ဒါကြောင့် ကျွန်တော့်ဘာသာ ကိုယ့်ဘဝကို ပိုကောင်းအောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်”ဟု ဆိုသည်။

သူက သူ့စိတ်ကူးထဲကအတိုင်း ကြိုးစားအကောင်အထည် ဖော်သည်။ လုပ်ငန်းတွေထူထောင်ပြီး တစ်ခုပြီးတစ်ခု တိုးချဲ့နိုင်သွားသည်။ အထူးသဖြင့် စာရေးကိရိယာလုပ်ငန်းကို အခြေခံပြီး ဆိုင်ပေါင်းများစွာဖွင့်နိုင်အောင် ကြိုးစားလုပ်သွားသည်။ သူ့နည်းစနစ်က အလွယ်လေးဖြစ်သည်။ အားနည်းသည့် ကုမ္ပဏီများ လုပ်ငန်းစုများကို လိုက်ဝယ်သည်။ ပြီးတော့ သူ့အစွမ်းအစနှင့် ခိုင်မာအောင် ပြန်လည်တည်ဆောက်ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းအတွက် မိမိကိုယ်မိမိ ယုံကြည်မှု မည်မျှလိုအပ်ကြောင်းကို သူက-
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက လုပ်ငန်းမှာ အရေးကြီးတယ်။ ယုံကြည်မှုဆိုတာ ဘဝင်လေဟပ်ပြီး မာနတက်နေတာမျိုး မဟုတ်ဘူး။ ကျွန်တော်ဘယ်တော့မှ မာနကြီးပြီး စိတ်ကြီးဝင်နေတာမျိုး မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ မာနတက်ရလောက်အောင် ဘာမှမရှိဘူးလို့ ခံယူထားလို့ပဲ။ ကျွန်တော်က ကိုယ့်အလုပ်မှာပဲ အချိန်တွေ အများကြီးပေးထားတယ်။ အလုပ်နဲ့ပတ်သက်ပြီး ငွေကုန်ကြေးကျ အများကြီးခံဖို့ စိတ်မကူးဘူး။ လုပ်ငန်းကို အတွေ့အကြုံနဲ့ယုံကြည်မှုတွေပဲ ပုံအောထားတယ်။ ကျွန်တော့်နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံတွေက ကျွန်တော့်လုပ်ငန်းနဲ့ပတ်သက်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်မှုပဲ”ဟု ဆိုသည်။

ပါဖိုင်းတစ်သည် ပြောသည့်အတိုင်း လုပ်နိုင်သူဖြစ်သည်။ သူဝယ်လိုက်သမျှ လုပ်ငန်းစုတိုင်းသည် သူ့လက်ထဲရောက်လာလျှင် အကျိုးအမြတ်များ ပြန်လည်ရလာပြီး အောင်မြင်သည့်လုပ်ငန်းကြီးများ ဖြစ်လာသည်။ သူက နည်းပညာနှင့် ကွန်ရက်များပါ ချိတ်ဆက်ပြီး လုပ်ငန်းကို အောင်မြင်အောင် လုပ်တတ်သဖြင့် ပိုပြီးအောင်မြင်လာသည်။ 

“လုပ်ငန်းအောင်မြင်ဖို့ဆိုတာ ပထမဆုံး ဥပဒေသကတော့ ဈေးကွက်ရှိရမယ်။ ဈေးကွက်မရှိရင် လုပ်ငန်းလည်းမရှိနိုင်ဘူး။ ထုတ်ကုန်နဲ့ဝန်ဆောင်မှုကို ဈေးကွက်တစ်ခုဖြစ်အောင် ဖန်တီးရတယ်ဆိုတာ အလွန်ခက်ပြီးတော့ တန်ဖိုးလည်းကြီးတယ်။ ကျွန်တော့်ဘဝမှာ ဈေးကွက်ကို တစ်ခါမှမဖန်တီးဖူးပါဘူး။ ငါးပွက်ရာ ငါးစာချတယ်လို့ ပြောရမလားပဲ။ ပိုင်မယ်ထင်ရင် လုပ်လိုက်တာပဲ။ ကျွန်တော်ပိုင်မယ်လို့ ထင်တဲ့နေရာဟာ ဈေးကွက်ရှိရမယ်။ ဈေးကွက်ရှိတယ်ဆိုရင် ကျွန်တော်က ဒုတိယ ဥပဒေသကို ဆက်ပြီးအကောင်အထည် ဖော်တယ်။ အဲဒါက ငွေပဲ။ ငွေမရှိရင် ဘာမှဆက်လုပ်လို့ မရနိုင်ဘူး။ ခင်ဗျားစိတ်ကူးတွေ ပျက်သွားမှာပဲ”

၂၀၀၆ ခုနှစ်က သူပိုင်သည့် La Senza ဆိုသည့်လုပ်ငန်းကို Lion Capital ဆိုသည့် လုပ်ငန်းစုထံ ရောင်းချလိုက်ရသည်။ သို့သော် သူက ဘုတ်အဖွဲ့တွင် ပါနေသေးပြီး ရှယ်ယာအချို့ကိုလည်း ကိုင်ထားသေးသည်။ နောက်ထပ် သူပိုင်သည့် Contessa ကိုလည်း ထပ်ရောင်းသည်။ ယခုတော့ စာရေးကိရိယာ လုပ်ငန်းတစ်ခုတည်းကိုသာ သူအလေးပေးပြီး လုပ်နေသည်။ 

၂၀၀၉ ခုနှစ် စီးပွားပျက်ကပ်တွင် သူ့အနေအထားက ထင်သလောက်ဆိုးသွားခြင်းမဖြစ်ခဲ့ပေ။ သူက -
“ကျွန်တော့်အတွက်ကတော့ အဲဒီကာလတွေဟာ ကျွန်တော့်လုပ်ငန်းတွေမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကာလတွေလို့ ဆိုချင်ပါတယ်။ ခွေးလေးတစ်ကောင်လို လွတ်လပ်စွာနေတယ်။ တီဗီလည်းမကြည့်ဘူး။ ဘာသတင်းမှလည်း နားမထောင်ဘူး။ တစ်ခုခုကို စိတ်မဝင်စားရင် ဘာမှမလုပ်ဘဲ နေလိုက်တာ အကောင်းဆုံးပဲ”ဟု ဆိုသည်။

သူ့ဝါဒကရှင်းသည် လုပ်ငန်းဆိုသည်မှာ ဆက်ပြီးတော့ တည်တံ့နိုင်မှ လုပ်ငန်းဖြစ်သည်။ လုပ်ငန်းတည်တံ့နိုင်ရေးအတွက် သူလုပ်မည်။ မည်သူမဆို လုပ်ငန်းဆိုသည့် ပြိုင်ပွဲတွင် ထိပ်ဆုံးကရပ်နိုင်မှ အောင်မြင်သူဟု သူကခံယူထားသည်။ သူက ဝန်ထမ်းတွေကို နှစ်တိုင်း အတွေ့အကြုံသစ်တွေ အတွေးအမြင်သစ်တွေ ပေးမည်။ အမြဲတမ်းလန်းဆန်းပြီး ရှေ့ဆက်တက်လှမ်းနိုင်စေရန်ဖြစ်သည်။ 

“ကျွန်တော့်ဝန်ထမ်းတွေကို ကျွန်တော် အမြဲပြောနေတာက ဆုံးဖြတ်ချက်ချဖို့ ဘယ်တော့မှ မကြောက်ပါနဲ့ဆိုတာပါပဲ”