News

POST TYPE

TIP

ငွေအရင်းမစိုက်ဘဲ အွန်လိုင်းအရောင်းဆိုင်ဖွင့်မလား
09-Jan-2018

အွန်လိုင်းအရောင်းဆိုင်တွေ အများအပြား မြင်တွေ့ရမှာပါ။ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုဖွင့်ပြီး အမျိုးမျိုးသော ရောင်းကုန်တွေကို ရောင်းချနေကြပါတယ်။ ဒီတစ်ပတ်မှာတော့ ငွေအရင်းမစိုက်ဘဲ ရောင်းချနိုင်မယ့် အွန်လိုင်းအရောင်းဆိုင်တစ်ခု ဖွင့်နိုင်မယ့် နည်းလမ်းတွေကို အကြံပြုထားတဲ့ အချက်တွေထဲက မြန်မာနိုင်ငံနဲ့ ကိုက်ညီနိုင်မယ့် အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လက်ကားဆိုင်ကြီးတွေနဲ့ ချိတ်ဆက်ပါ

ဆိုင်ကြီးတွေနဲ့ ချိတ်ဆက်ပြီး တစ်ဆင့်ရောင်း ချတာကို တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ ရောင်းချနိုင်မှု စွမ်းရည်အပေါ်မှာ မူတည်ပြီး အကျိုးအမြတ်များနိုင်မှာပါ။ အရောင်းဒိုင်ကြီးတွေဆီကနေ ကိုယ်လိုချင်တဲ့ပစ္စည်းကို အရည်အသွေးမှန်၊ ဈေးနှုန်း ချိုသာတာကို ရှာဖွေနိုင်ရပါမယ်။ ဒီလို ရှာဖွေချိတ်ဆက်ပြီး ဈေးကွက်အတွင်းက ရောင်းချနေတဲ့ ဈေးနှုန်းအတိုင်း ကိုယ်ပြန်ပြီးရောင်းချနိုင်မလားဆိုတာ ချိန်ထိုးပြီး အဆင်ပြေမယ့်ပစ္စည်းကို ရောင်းနိုင်မှာဖြစ်ပါတယ်။

ပြောတာကတော့ လွယ်တယ်၊ တကယ်တမ်း ချိတ်ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ တစ်ကြိမ်လောက်ဖြစ်ဖြစ် ကြိုးစားကြည့်ပါ။ လက်ကား အရောင်းဆိုင်တွေက လက်လီရောင်းဖို့၊ အိမ်အရောက် ပို့ဖို့ဆိုတာတွေကို စိတ်မဝင်စားပါဘူး။

ဒါဆို အော်ဒါကောက်တာနဲ့ ဘာထူးသေးလဲဆိုတာမျိုး မေးခွန်းထုတ်ဖို့ရှိပါတယ်။ အော်ဒါကောက်ခိုင်းတဲ့သူတွေကလည်း ဒီလိုဆိုင်ကြီးတွေကနေ ဝယ်ပြီး ပြန်ရောင်းနေတာပါပဲ။ တချို့လည်း ကိုယ်တိုင်ပစ္စည်း သွင်းတာမျိုးရှိမှာပေါ့။ အော်ဒါကောက်ဖို့အတွက်တောင် ရာခိုင်နှုန်းတစ်ခု ပေးနိုင်သေးတယ်ဆိုရင် ခုနလို ဆိုင်ကြီးတွေကနေ တစ်ဆင့်ယူရောင်းတာကလည်း ဖြစ်နိုင်တယ် မဟုတ်လား။

ကျွန်တော်တို့ ချိတ်ဆက်ကြည့်ဖူးသလောက်ဆိုရင် တချို့ဆိုင်ကြီးတွေက ပစ္စည်းကို နှစ်ပတ်လောက်အထိ ကိုယ့်ကိုစောင့်ပြီး ရောင်းပေးပါတယ်။ လိုအပ်တဲ့ဓာတ်ပုံတွေကိုလည်း ပေးပါတယ်။ ဒါပေမဲ့လို့ လက်ထဲမှာထားပြီး ရောင်းဖို့တော့ အဆင်မပြေပါဘူး။ အချိန်နှစ်ပတ်အတွင်း ရောင်းရနိုင်သလောက်ကိုပဲ ရမှာဖြစ်ပါတယ်။

ဘာတွေလိုအပ်မလဲ

အရင်းအနှီးတော့ မလိုအပ်ပေမယ့် အချိန်ပြည့် ကိုယ့်ရဲ့ အရောင်းဆိုင်ကို အာရုံစိုက်နိုင်ရပါမယ်။ လိုအပ်ရင် Facebook မှာ ကြော်ငြာသုံးတာ၊ ကိုယ့်ရဲ့ဆိုင်ကို လူသိများအောင် လုပ်တာတွေတော့ လုပ်နိုင်ရပါမယ်။ အဲ့ဒီအပြင် ကိုယ်ရောင်းချတဲ့ ကုန်ပစ္စည်းကို လူတွေ တကယ် အသုံးဝင် မဝင်ဆိုတာနဲ့ အရည်အသွေး၊ ဈေးနှုန်း အာမခံချက် ပေးနိုင်ရပါမယ်။

ငွေရင်းမစိုက်ဘဲ လုပ်ငန်းစတင်မယ်ဆိုရင် အတွေ့အကြုံနည်းသေးတဲ့ လူငယ်တွေအနေနဲ့ စမ်းပြီး လုပ်ကိုင်သင့်တဲ့ လုပ်ငန်း အမျိုးအစားမျိုး ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် အကြံပြု ဖော်ပြပေးလိုက်ပါတယ်။