News

POST TYPE

TIP

ဂျေးဘရက်မင်း (Jay Bregman)
05-Jan-2018 tagged as


“တက္ကသိုလ်မှ သုတေသနကို အသုံးချပါ”

အမေရိကန်သားတစ်ဦးဖြစ်သူ ဂျေးဘရက်မင်းသည် လန်ဒန်အခြေစိုက် eCourier ကုမ္ပဏီတွင် နည်းပညာဆိုင်ရာ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ယူနေရသူဖြစ်သည်။ သူသည် လန်ဒန် School of Economics ကျောင်းတက်ခဲ့ပြီး ကျောင်းကရသည့်ပညာကို အခြေခံကာ ဘဝတက်လမ်းကို ရှာဖွေခဲ့သူတစ်ဦးလည်းဖြစ်သည်။

သူကျောင်းပြီးသည့် နောက်ဆုံးနှစ်တွင် တင်ခဲ့သည့်ကျမ်းက လန်ဒန်ရှိ မော်တော်ဆိုင်ကယ်နှင့် ပစ္စည်းများကို လိုက်ပို့ပေးရသည့် လုပ်ငန်းအကြောင်းနှင့်ပတ်သက်ပြီး လေ့လာသုတေသန ပြုလုပ်ထားချက်များဖြစ်သည်။ သူက လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများ၊ လူများကို တွေ့ဆုံမေးမြန်းထားပြီး သူတို့၏ လုပ်ဆောင်နေမှုများကို စနစ်တကျ သုတေသနပြုကာ ကျမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။ သူက အားလုံးသောလုပ်ငန်းများကို တစ်နေ့တွင် အိုင်တီစနစ်တစ်ခုကို မဖြစ်မနေ သုံးလာကြရလိမ့်မည်ဟု ထင်ထားသော်လည်း အထင်နှင့် အမြင်မှာ တခြားစီဖြစ်သည်။

သူက မြို့တွင်းဆိုင်ကယ်ဖြင့် သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲသင့်ပုံနှင့်ပတ်သက်ပြီး -

“ဒီမှာက ပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေက နှစ်ပေါင်း ၂၀ လောက်ရှိလာလည်း ဘာမှ ပြောင်းလဲသေးတာမဟုတ်ဘူး။ သူတို့ လုပ်နေရတဲ့လုပ်ငန်းက ပေါ်ပင်လုပ်ငန်းမျိုးဖြစ်ပြီးတော့ အလွယ်ဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ပဲ ယူဆထားကြတယ်။ ငွေများများသုံးနိုင်ရင် အဆင်ပြေသွားမှာပဲလို့ ထင်ထားတဲ့သူတွေက များနေကြတယ်” ဟု သုံးသပ်ပြသည်။ 

ဘရက်မင်းက သူ့ကုမ္ပဏီတွင် ပထမဆုံးလုပ်ဆောင်ရသည့်အလုပ်မှာ နည်းပညာကို စတင်အသုံးပြုရခြင်းဖြစ်သည်။ သူ့ကုမ္ပဏီတွင် နည်းပညာကို ကောင်းစွာအသုံးပြုနိုင်ရန် ၂ နှစ်ခန့် ပြင်ဆင်လိုက်ရသည်။ လုပ်ငန်းတွင် ကြိုတင်ပြီး Booking စနစ်အားလုံးကို အွန်လိုင်းကတစ်ဆင့် ရယူနိုင်ရန်အတွက် သူက စတင်ပြီး ပြောင်းလဲမှုကို လုပ်ဆောင်ပေးခဲ့ရသည်။

ဖောက်သည်များက အွန်လိုင်းပေါ်မှာပင် မည်သည့်နေရာကို သွားလိုသည်၊ မည်သည့်ယာဉ်ကို စီးလိုသည် စသည့်အချက်များကို ရွေးချယ်ပေးနိုင်ရန် စီစဉ်ထားသည်။ သူတို့အသုံးပြုနေသည့် နည်းပညာစနစ်ကိုလည်း အလွန်လွယ်ပြီး အမြန်ဆုံး ရယူအသုံးပြုနိုင်စေရန် စီစဉ်ပေးထားသည်။ 

လန်ဒန်တွင်ပင် ဆိုင်ကယ်များနှင့် ပို့ဆောင်ပေးရသည့်စနစ်ကို သူက ကွန်ပျူတာများနှင့် ချိတ်ဆက်လိုက်သည်။ ကွန်ပျူတာနှင့်ပင် ဆိုင်ကယ်အားလုံးကို ထိန်းချုပ်လိုက်သည်။ ရာသီဥတု အနေအထားကြောင့်လည်းကောင်း၊ ခရီးလမ်း ပိတ်ဆို့ခြင်းကြောင့်လည်းကောင်း မသွားနိုင်သည့် နေရာများကို ဆိုင်ကယ်များက အလွယ်တကူ ပို့ဆောင်ပေးနိုင်ခဲ့သည်။ သူက ဆိုင်ကယ်တိုင်းက GPS စနစ်များ တပ်ဆင်ပေးထားသည်။ ဆိုင်ကယ်မောင်းပြီး ပစ္စည်းပို့ဆောင်နေသူများကိုလည်း ၁၀ စက္ကန့်လျှင်တစ်ကြိမ် စစ်ဆေးနေသည်။ အလားတူပင် ပစ္စည်းမှာသည့် ဖောက်သည်ကလည်း ဆိုင်ကယ်သမား မည်သည့်နေရာကို ရောက်နေပြီဆိုခြင်းကို စစ်ဆေးနိုင်သည်။

လန်ဒန်တွင် ဆိုင်ကယ်နှင့် ခရီးသွားရခြင်းမှာ အလွန်အန္တရာယ်များသည်။ သို့သော် လမ်းကအစ၊ ရောက်ရှိအရပ်များနှင့် သွားရမည့် ခရီးအားလုံးကို နည်းပညာဖြင့် ထိန်းချုပ်လာနိုင်သောကြောင့် လုပ်ငန်းက ပိုပြီး အောင်မြင်လာသည်။ ဘရက်မင်းကိုယ်တိုင်က ဘာလုပ်လုပ် သေချာစွာ သုတေသနလုပ်ပြီးမှ ဆောင်ရွက်တတ်သူဖြစ်သောကြောင့် သူ့လုပ်ငန်းတွင် အမှားမရှိစေရန် စီစဉ်တတ်သည်။ 

“လုပ်ငန်းကို ရင်းနှီးမြှုပ်နှံဖို့အတွက် ကျွန်တော်တို့ စီမံချက်ချရတယ်။ နည်းပညာကို အသုံးပြုရမှာဆိုတော့ ငွေလိုတယ်။ ဒါကြောင့် မနက်ဆိုရင် ပေါင်သန်းဝက်လောက်ရအောင် လိုက်ပြီး စည်းရုံးရတယ်။ နေ့ခင်းဆိုရင် ဘယ်လို အောင်မြင်မှုတွေ ရလာနိုင်တယ်ဆိုတာ လိုက်ပြီးတော့ ဟောပြောရတယ်” ဟု သူက လုပ်ငန်းစတင်စဉ်က ကြိုးစားရုန်းကန်ခဲ့ရပုံများကို ပြန်ပြောပြသည်။

သူ၏ကြိုးစားမှုက အကောင်အထည်ပေါ်လာသည်။ သူလုပ်ငန်းစတင်ရန် ပေါင်တစ်သိန်းခန့် ရလာသည်။ ၂၀၀၄ ခုနှစ် နွေရာသီတွင် နောက်ထပ် ပေါင် ၇ သိန်း ထပ်ရလာပြန်သည်။ သူ့လုပ်ငန်းကို စတင်ရန်အတွက် သူ အဆင်သင့်ပြင်ရတော့သည်။

နည်းပညာကို အသုံးချပြီး GPS စနစ်ကို အခြေခံကာ ပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဆိုသော်လည်း သူ့အတွက် အခက်အခဲတွေ အများကြီးရှိနေပုံကို -

“ဒီခရီးစဉ်လမ်းကြောင်းတွေကို ဘယ်သူတွေက ရေးဆွဲထားတာလဲဆိုတာ ကျွန်တော် ပထမဆုံး စူးစမ်းရတယ်။ ကမ္ဘာ့အနှံ့ တက္ကသိုလ် ၁၀ ခုလောက်က ရေးထားတာ သွားတွေ့ရတယ်။ အဲဒီအထဲမှာ စတန်းဖို့ဒ်နဲ့ MIT တွေလည်းပါတယ်။ ကျွန်တော်က ကျွန်တော်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သူတို့ထံ ချဉ်းကပ်ပြီး ဖြေရှင်းနိုင်အောင် ကြိုးစားရတယ်။ 

သူက သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် GPS လမ်းကြောင်းစနစ်များကို ပြန်လည်စီစဉ်နိုင်ရန်အတွက် တန်ဖိုးကြီးစွာ ပေးခဲ့ရသည်။ နိုင်ငံပေါင်း ၁၃၅ သို့ ပို့ဆောင်ပေးရမှုပေါင်း ၄၀၀၀၀ ကျော် ချက်ချင်းတိုးမြှင့်ပြီး ဝန်ဆောင်မှုကိုရရှိခဲ့သည်။ သူလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံလိုက်ရသည်က စတာလင်ပေါင် ၄ သန်းကျော် ဖြစ်သည်။ သို့သော် သူပြန်ရလိုက်သည့် အကျိုးအမြတ်က ပေါင်သန်း ၃၀၀ မှ သန်း ၄၀၀ ခန့်ဖြစ်သည်။

“ကျွန်တော့်အတွက်တော့ စံပြုရတဲ့သူတွေက eBay, Amazon, Yahoo! တို့ပါ။ နောက်ပိုင်း Google ကိုလည်း အားကျလာခဲ့ရတယ်။ ကျွန်တော်တို့လည်း နည်းနည်းလေးကစပြီးတော့ ကမ္ဘာကြီးကို ပြောင်းလဲသွားအောင် ကြိုးစားခဲ့တာပဲ။ ကမ္ဘာကြီးကို လူတိုင်း ပြောင်းလဲနိုင်တယ်။ ဝန်ဆောင်မှုကို လူတိုင်းအတွက် လုပ်ပေးနိုင်တယ်။ ကျွန်တော်တို့ အမေရိကန်တွေ အရိုးစွဲနေတာက ဖောက်သည်အမြဲမှန်တယ်ဆိုတဲ့ စကားပဲ။ အဲဒါက ကျွန်တော်လည်း ခုထိ လက်ကိုင်တားတယ်”

  • TAGS