News

POST TYPE

TIP

မဖြစ်နိုင်သည်ကို မဖြစ်ဖြစ်အောင်လုပ်သူ စတိဗ်လိခ်ျ (Steve Leach)
16-Dec-2017 tagged as


“အစမှာကတည်းက အခြေခံ ခိုင်မာတောင့်တင်းနေရမယ်”

“ပြောတဲ့အတိုင်းလုပ်” ထိုစကားကို ပြောသူမှာ Bigmouthmedia ကုမ္ပဏီကိုထူထောင်သည့် စတိဗ်လိခ်ျ ဖြစ်သည်။ သူသည် အင်တာနက် (search engine marketing) ကို ကောင်းစွာ စီမံနိုင်ခဲ့ပြီး အောင်မြင်ထင်ရှားလားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ 

သူက အီဒင်ဘတ်အခြေစိုက် ထိုလုပ်ငန်းကို ၁၉၉၆ ခုနှစ်ကတည်းက ထူထောင်ခဲ့ခြင်းဖြစ်သည်။  စတင်ထူထောင်စဉ်ကတည်းက ဖောက်သည်အဖြစ် ၂၅၀ ဦး ရရှိခဲ့ပြီး အကျိုးဆက်အဖြစ် စတာလင်ပေါင် ၁၄ သန်း ဝင်ငွေရခဲ့သည်။

၂၀ဝ၇ ခုနှစ်တွင် မြူးနစ်အခြေစိုက် Global Media မှ CEO ဖြစ်သူ သောမတ်စ်ဂါတိစ်သည် ရာထူးက နုတ်ထွက်သွားသည်။ သူနေရာကို ရောက်လာသူမှာ လိခ်ျဖြစ်ပြီး ကုမ္ပဏီကို ဆက်လက်ထိန်းချုပ်ခဲ့သည်။ သူ့လက်ထက်တွင် Hilton, British Airways, ALO စသည့်လုပ်ငန်းကြီးများကို ဖောက်သည်များအဖြစ် စည်းရုံးနိုင်ခဲ့သည်။ သူ့လုပ်ငန်းကို ယခင်ကထက် နှစ်ဆတိုးချဲ့နိုင်ခဲ့ပြီး ယခုအခါ အီဒင်ဘတ်မှမီလန်၊ မော်စကိုမှသည် ဆိုးလ်အထိ လုပ်ငန်းများတိုးချဲ့အောင်မြင်နေသူဖြစ်သည်။

သူ၏လုပ်ငန်းမှာ Website လုပ်ငန်းဖြစ်ပြီး ဒီဇိုင်းများရေးဆွဲခြင်းအပြင် ဒစ်ဂျစ်တယ်ဈေးကွက်ကိုလည်း ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးကွက်ကြီး တစ်ခုအဖြစ် ထိန်းချုပ်နိုင်ခဲ့သည်။ သူ၏ Bigmouthmedia သည် အင်တာနက်စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်လာပြီး ပြိုင်ဘက်ပေါင်းများစွာကို အလဲထိုးကာ အောင်ပွဲခံနိုင်သည့် အနေအထားရောက်အောင် သူလုပ်ဆောင်ခဲ့ရပုံကို-

“၁၉၉၀ ပြည့်နှစ်လောက်တုန်းက ကျွန်တော်က မီးသတ်သမားတစ်ယောက်ပါ။ အဲဒီကတည်းက ခက်ခဲပင်ပန်းတဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။  ဒါပေမဲ့ မီးက အမြဲလောင်နေတာမှမဟုတ်တာ။ ဒါကြောင့် ကျွန်တော့်မှာ လေ့လာချိန်၊ တွေးချိန်တွေ အများကြီးရခဲ့ပါတယ်။  အင်တာနက်ဆိုတာ အဲဒီအချိန်မှာ ကောင်းကောင်း အစပျိုးနေပြီ။ ကျွန်တော်ကို အင်တာနက်က အများကြီး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်က လက်ရှိဘဝကနေ ရုန်းထွက်ဖို့ အမြဲကြိုးစားနေတဲ့သူ။ အခွင့်အရေးပေးတာနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်း အမြဲ ရှာဖွေနေသူပါ”ဟု ပြောပြသည်။

လိခ်ျနှင့် သူ၏ဇနီးဖြစ်သူ ဟီသာတို့သည် အင်တာနက်ကို တည်မှီပြီး မည်သည့်စီးပွားရေးလုပ်လျှင်ကောင်းမည်နည်းဟု တွေးကြသည်။ ဟီသာကလည်း ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ဘာသာရပ်နှင့် ဘွဲ့ရထားသည်။ အွန်လိုင်းကို အခြေပြုပြီး စီးပွားရေးလုပ်ရန် ကြံစည်ရာမှ သူတို့ဇနီးမောင်နှံက အွန်လိုင်းကြော်ငြာလုပ်ငန်းကို သွားတွေ့လိုက်ကြသည်။ 

“အဲဒီအချိန်က Google မရှိသေးဘူး။ ကျွန်တော်က AltaVista နဲ့ အခြားလိုင်းတွေကို သုံးဖို့ စိတ်ကူးကြည့်မိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့် Website ကိုယ်ထောင်ပြီးတော့ ကြော်ငြာတွေလိုက်တယ်။ လူတွေကိုလည်း လိုက်ပြီးတော့ အွန်လိုင်းမှာ ကြော်ငြာဖို့ ရှင်းပြရတယ်။ ကျွန်တော်တို့ ဖောက်သည်လည်းရှာ၊ ပညာရှင်တွေလည်းရှာပြီး လုပ်ရင်းကိုင်ရင်းနဲ့ ထိပ်တန်းကို ရောက်လာရတယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့သိချင်တဲ့ လုပ်ငန်းတွေကို ဒီမှာလာရှာရမယ်မှန်း သိလာကြတယ်”

သူထူထောင်သည့် ကုမ္ပဏီသမိုင်းတွင် အိမ်နှင့်အလုပ်ကို သူကတစ်ပိုင်းစီခွဲထားရသည်။ သူက ဖခင်ထံမှငွေချေးကာ လုပ်ငန်းကို ပထမဆုံး စတင်ထူထောင်ခဲ့ရခြင်း ဖြစ်သည်။ 

“လုပ်ငန်းစတော့ အကျိုးအမြတ်တွေက မရှိသေးဘူး။ ဒါပေမဲ့ ပစ္စည်းဝယ်ထားတာ ပိုပြီးအကျိုးရှိမယ်ထင်ပြီး ရုံးခန်းတစ်ခန်း ဝယ်လိုက်တယ်။ ကျွန်တော် အိမ်နဲ့ရုံးပြေးပြီးတော့ လုပ်ငန်းနှစ်နေရာ ခွဲလုပ်ရတယ်။ ရုံးမှာ နေ့လယ် ၂ နာရီအထိ လုပ်တယ်။ အိမ်ပြန်ပြီး လေးနာရီလောက်ပဲ အိပ်တယ်။ ရုံးခန်းကို တစ်ခါပြန်ပြေးရတယ်” ဟု သူက သူ၏ စတင်ခဲ့ရသော ခြေလှမ်းများကို ပြောပြရှာသည်။

သူ့ကို မီဒီယာလောကနှင့် အွန်လိုင်းကြော်ငြာလုပ်ငန်းကို အဘယ်ကြောင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သနည်းဟု မေးရာတွင် သူက -

“သိပ်တော့ မသေချာဘူးဗျ။ ကျွန်တော် ထင်တာကတော့ ကြိုးစားလို့ပါပဲ။ ကျွန်တော်က အသေးစိတ် လုပ်ငန်းကိုဂရုစိုက်တယ်။ ပြိုင်ဘက်အစစ်အမှန်က ကျွန်တော်ပဲလို့ သဘောထားပြီး ပြိုင်လုပ်တာ။ ကျွန်တော်က ကြော်ငြာကို သဘောကျတယ်။ ကျွန်တော့်က Bigmouthmedia က တကယ်ဆိုရင် Google ထက် အလျင်ဦးဆုံး စခဲ့တာပါ။ ၂၀ဝ၇ ခုနှစ်မှာ ကျွန်တော် Carlyle Private Equity ကို ရောင်းခဲ့တယ်။ ၂၀၁၀ မှာ Lbi/Digitas ကို ထပ်ရောင်းတယ်။ အဲဒီလုပ်ငန်းတွေဟာ တကယ်ဆိုရင် အွန်လိုင်း Search Engine ကြော်ငြာလုပ်ငန်းမှာ ပထမဆုံး ကြော်ငြာခဲ့တဲ့ လုပ်ငန်းတွေပါပဲ” ဟု ပြောပြသည်။ 

ယနေ့ Bigmouthmedia ကုမ္ပဏီလုပ်ငန်းကြီးသည် စတာလင်ပေါင် သန်း ၁၀ဝ ကျော် ဝင်ငွေရှိနေပြီ ဖြစ်သည်။ မူလက ဝန်ထမ်းသုံးယောက်နှင့် စတင်ခဲ့ရသည့်လုပ်ငန်းမှာ ယခုအခါ ဝန်ထမ်း ၂၀ဝ ကျော်နှင့် ကမ္ဘာအနှံ့ ရုံးခွဲပေါင်း ၁၃ ခုအထိ ဖွင့်လှစ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်း Tesco, Starbucks, Adidas, BP စသည့် ကုမ္ပဏီကြီးများ၏ ကြော်ငြာများကိုပါ အွန်လိုင်းပေါ်တွင် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးရသည်အထိ အောင်မြင်လာခဲ့သည်။  စတိဗ်က သူ့လုပ်ငန်းနှင့်ပတ်သက်ပြီး-

“လုပ်တုန်းကတော့ ရမ်းသမ်းလုပ်လိုက်ရတာပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့ ခံယူချက်နဲ့ ယုံကြည်မှုတော့ရှိရတယ်။ ၁၉၉၆ လုပ်ငန်းကို စတင်တုန်းက နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်လာဖို့ မမျှော်လင့်ခဲ့ပါဘူး” ဟုဆိုခဲ့သည်။

သို့သော် သူက ဘာလုပ်လုပ်အခြေခံကစပြီး အခြေခိုင်အောင် တစ်ထစ်ချင်း တက်သည်။ ကြိုးစားမှုနှင့် ယုံကြည်မှုက မဖြစ်နိုင်ဟုထင်သည့် အွန်လိုင်းကြော်ငြာလုပ်ငန်းကို သိမ်းပိုက်ထားနိုင်ရုံမက ပြိုင်ဘက်များကိုပါ အလဲထိုးအောင်မြင်မှုရနိုင်ခဲ့သည်။  

  • TAGS