News

POST TYPE

TIP

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဘယ်လိုရွေးချယ်မလဲ
21-Nov-2017


ယခုနှစ် နိုဝင်ဘာလမှစ၍ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့်တိုင်း ဆယ့်လေးခုရှိ ရပ်ကွက် (သို့မဟုတ်) ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးများ အသစ် ပြန်လည်ရွေးချယ် တင်မြှောက်ရန် အစိုးရက စီစဉ်လျက်ရှိသည်။

ပထမအဆင့် ကြီးကြပ်ရေးမှူးအဖွဲ့ ငါးဦး ရွေးချယ်ပြီးသည့်အချိန်မှစ၍ ရပ်/ ကျေး အုပ်ချုပ်ရေးမှူး နောက်ဆုံး ရွေးချယ်သည်အထိ အချိန်တစ်လကြာမည် ဖြစ်သည်။

ယင်းတစ်လအတွင်းပင် မြို့နယ်အဆင့် ပြည်နယ်/တိုင်း လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဦး ဆောင်ကာ ရပ်/ကျေးအတွင်းရှိ ပြည်သူများကို လျှို့ဝှက်ဆန္ဒမဲပေး လာရောက် ရွေးချယ်ရန် အသိပညာပေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရမည်ဖြစ်သည်။

ရပ်/ကျေး အဆင့် အုပ်ချုပ်ရေးမှူးများကို မရွေးချယ်မီ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ မိမိဆန္ဒအလျောက် ကြီးကြပ်ဆောင်ရွက်ပေးလိုသော ရပ်မိ၊ ရပ်ဖ ငါးဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ် ရပ်ကွက်နှင့် ကျေးရွာအတွင်း နေထိုင်သူများက ရွေးချယ်၍ အရင်ဆုံး ဖွဲ့စည်းတာဝန်ပေးအပ်ရမည်ဖြစ်သည်။

ကြီးကြပ်ရေးမှူးအဖွဲ့ဝင် ငါးဦးသည် ရပ်ကွက် (သို့) ကျေးရွာအကျိုးကိုလိုလား၍ သမာသမတ်ကျသော လူများဖြစ်ရန်လိုပြီး ၎င်းတို့ကို ပြည်သူများက ရွေးချယ်ပေးရမည်ဖြစ်သည်။

ထိုသို့ ပြည်သူက ရွေးချယ်လိုက်သော ကြီးကြပ်ရေးမှူးအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အများပြည်သူရှေ့တွင် အတည်ပြု ကြေညာမည်ဖြစ်သည်။

ယင်းနောက်မှ အဆိုပါအဖွဲ့က ဦးဆောင်ကာ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စုစာရင်းများ ကောက်ယူ၍ တစ်ဆက်တည်း အစဉ်လိုက်ဖြစ်သော ဆယ်အိမ်စု အစုအဖွဲ့၊ ရာအိမ်စု အစုအဖွဲ့များကို ဖွဲ့စည်းရမည်ဖြစ်သည်။

အထက်ပါအတိုင်း ဖွဲ့စည်းအတည်ပြုပြီးပါက အသက် ၂၅ နှစ် ပြည့်ပြီးသော ရပ်ကွက် (သို့) ကျေးရွာအတွင်း တစ်ဆက်တည်း အနည်းဆုံး ငါးနှစ် အမှန်တကယ် နေထိုင်ပြီး ရပ်ကွက်နှင့် ကျေးရွာက လေးစား၍ အကျင့် စာရိတ္တကောင်းမွန်သည့် မည်သူမဆို ဆယ်အိမ်မှူးများအဖြစ် အရွေးချယ်ခံနိုင်သည်။

ရွေးချယ်ခံရသော ဆယ်မှူးများက တာဝန်ထမ်းဆောင်ဆဲ နိုင်ငံဝန်ထမ်းမှလွဲ၍ ရပ်ကွက် (သို့) ကျေးရွာအကျိုး လိုလားသည်ဟု ယူဆသူကို ရာအိမ်မှူးအဖြစ် ဆက်လက် ရွေးချယ်ကာ အတည်ပြု ခန့်အပ်ရမည်။

ယင်းသို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကို အဆင့်ဆင့် ရွေးချယ်ပြီးလျှင် ရပ်ကွက် (သို့) ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုတွင် သမာသမတ်ကျကျ ကူညီဆောင်ရွက်ပေးမည့် ကျေးရွာတာဝန်ခံတစ်ဦးကို ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက မိမိထဲကပင် အများဆန္ဒနှင့်အညီ ထပ်ဆင့် ပြန်လည် ရွေးချယ်ရမည်ဖြစ်သည်။

ထို့နောက် ရွေးချယ်ခံရသော ရာအိမ်မှူးတစ်ဦး (သို့) တစ်ဦးထက် ပိုလျှင်လည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်းများအဖြစ် မြို့နယ် အုပ်ချုပ်ရေးမှူးက အမည်စာရင်း ပြုစုရမည်ဖြစ်သည်။

ရွေးချယ်ခံရသော ရာအိမ်မှူး တစ်ဦးတည်းရှိပါက ယင်းပုဂ္ဂိုလ်အား ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ တင်ပြရမည်။

အမည်စာရင်း ပါဝင်ပြီးသော ရာအိမ်မှူးများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်သော နေ့ရက်တွင် ရပ်ကွက်/ ကျေးရွာ အတွင်းရှိ အိမ်ထောင်ဦးစီး (အသက် ၁၈ နှစ်ပြည့်ပြီးသူ မိသားစုဝင် တစ်ဦးဦး) က လျှို့ဝှက် ဆန္ဒမဲပေးပြီး ရွေးချယ်ပေးရမည် ဖြစ်သည်။

လျှို့ဝှက်ဆန္ဒ ထည့်သွင်းပြီးစီးသော ဆန္ဒမဲပုံးများကို ကြီးကြပ်ရေးမှူးအဖွဲ့ ငါးဦးက စိစစ်ရေတွက်ကာ ဆန္ဒမဲအများဆုံး ရရှိသူကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ၍ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရမည်ဖြစ်သည်။

အောင်ဇော်ထူး 


  • VIA