News

POST TYPE

TIP

စိတ်ကူးတစ်ချက် လင်းလက်ခဲ့သူ ဒက်ဘီလယ်ရီ (Debbie Leary)
19-Nov-2017

“လူတွေရဲ့ လိုအပ်ချက်နဲ့ ပြဿနာတွေကို ကျွန်မက တီထွင်ပြီး ဖြည့်ဆည်းပေးလိုက်ရုံပါပဲ”

ဒက်ဘီလယ်ရီ၏ခင်ပွန်းဖြစ်သူမှာ ရဲအရာရှိ တစ်ယောက်ဖြစ်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့သို့ မှုခင်းဆိုင်ရာ ဆေးပညာနှင့်ပတ်သက်ပြီး နည်းပညာ ဆွေးနွေးပွဲ ညီလာခံသို့ တက်ရောက်ရန် ထွက်ခဲ့သည်။ ဒက်ဘီကလည်း အင်္ဂလိပ်စာပြ ဆရာမအဖြစ် အလုပ်သစ်ကို လုပ်ဆောင်နေသည်မှာ သုံးပတ်ခန့်သာ ရှိသေးသည်။ သို့သော် ဒက်ဘီက ခင်ပွန်းသည်နှင့်အတူ ကနေဒါကို လိုက်လာခဲ့သည်။ ခင်ပွန်းသည်နှင့်အတူ ညီလာခံကို အတူတက်သည်။ ညီလာခံ ဆွေးနွေးပွဲအပြီး ဘားဆိုင်တွင်ထိုင်ကြစဉ် သူ့ဘဝအတွက် အလင်းတစ်ချက် လက်သွားခဲ့ရပုံကို ဒက်ဘီက -

“အင်္ဂလိပ်ရဲတွေက မှုခင်းလိုက်ရာမှာ Stapping Plate လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကိုသုံးကြောင်း ပြောကြတယ်။ သူတို့အမှု ဖြစ်တဲ့နေရာကို ရောက်လာပြီးရင် စစ်ဆေးတဲ့အခါမှာ အသုံးပြုကြတဲ့ပစ္စည်း တစ်မျိုးအကြောင်းကို ဆွေးနွေးတင်ပြနေကြတာပါ။ ဒါပေမဲ့ ကနေဒါရဲတွေက အဲဒါကို မကြားဖူးဘူး။ ဒါကြောင့် ကျွန်မက အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဟိုတယ်က မှတ်စုစာအုပ်ပေါ်မှာ ရှင်းလင်းချက်တွေကို ချရေးပြခဲ့ရပါတယ်”ဟုဆိုသည်။

ထိုအဖြစ်အပျက်သည် ၂၀ဝ၁ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် လယ်ရီသည် အင်္ဂလန်သို့ ပြန်လာသည်။ စာသင်ခြင်း အလုပ်ကို စွန့်လွှတ်လိုက်ပြီး စီးပွားရေး လုပ်ငန်းတစ်ခုကို စတင် ထူထောင်လိုက်သည်။ သူ့လုပ်ငန်းကိုလည်း Forensic Pathways ဟု အမည်ပေးလိုက်သည်။ ဘဏ်က ငွေစတာလင်ပေါင် ၆၀ဝ၀ဝ ချေးပြီး လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းကို တရုတ်မှ နည်းယူပြီး လုပ်ဆောင်ခဲ့ရာ စွန့်ဦးတီထွင် ပညာရှင်ဆုကို ရရှိခဲ့ရုံမက ယခုအခါ ဝန်ထမ်း ၁၀ ဦးကျော်ဖြင့် လုပ်ငန်းများကို လုပ်ဆောင်လည်ပတ်နေပြီဖြစ်သည်။ ကနေဒါသားတွေ မသိခဲ့သည့် Stapping Plate ဆိုသည့် ခြေရာခံတိတ်ပြားကို သာမက မှုခင်းဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးပစ္စည်း အမျိုးပေါင်း ၁၃၀ဝ ကျော်ကို တီထွင် ထုတ်လုပ်နိုင်ခဲ့သည်။ ဩစတြေးလျ၊ တရုတ်၊ အမေရိက၊ နယ်သာလန်နှင့် တူရကီနိုင်ငံများအထိ သူ၏ပစ္စည်းများကို ဖြန့်ချိ ရောင်းချခဲ့ရသည်။ 

Forensic Pathways သည် သင်တန်းပေးခြင်း၊ အကြံပေးခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်သည်။ မှုခင်းအကြံပေး ပညာရှင်ပေါင်း ၅၀ ခန့်နှင့်လည်း လှည့်လည် အကြံပေးမှုများကို လုပ်ဆောင်လျက်ရှိသည်။ သုတေသန လုပ်ငန်းများကိုလည်း ကုမ္ပဏီအတွင်း လုပ်ဆောင်လျက်ရှိပြီး စီးပွားရေလုပ်ငန်း တစ်ခုအနေနှင့် မှုခင်း ဖော်ထုတ်မှုများကို အကြံပြု လုပ်ကိုင်ပေးသည်။ မှုခင်းစစ်ဆေးရာတွင် အထောက်အကူဖြစ်စေမည့် Maverick ဆိုသည့် ဆော့ဖ်ဝဲတစ်မျိုးကိုလည်း တီထွင်ပေးနိုင်ခဲ့သည်။

ကွန်ပျူတာ ဆော့ဖ်ဝဲဖြင့် လိမ်လည်မှုများ၊ ခိုးမှုများ၊ ကွန်ရက်ချိန်ဆက် ကျူးလွန်သည့်အမှုများကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ဆော့ဖ်ဝဲ ကုမ္ပဏီကြီးဖြစ်သည့် Maverick ကပင် သူတို့တီထွင်ထားသည့် Case Study ဆော့ဖ်ဝဲကို ချီးကျူးလေးစားခဲ့ရသည်။ ဆော့ဖ်ဝဲကို ဝန်ဆောင်မှု တစ်ခုအသွင် ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့်လည်း Lighthouse Status ဆုချီးမြှင့်ရန် ရွေးချယ်သည့် စာရင်းတွင် ထည့်သွင်းခြင်း ခံခဲ့ရသည်။ 

၂၀ဝ၁ ခုနှစ်တွင် မထင်မှတ်ဘဲ ညီလာခံတစ်ခု တက်မိရာက ဗြိတိန်နိုင်ငံ ပြန်အရောက်တွင် လယ်ရီသည် ရဲတပ်ဖွဲ့များသို့ လှည့်လည်သွားလာပြီး မည်သည့်ပစ္စည်းမျိုးကို အလိုချင်ဆုံး ဖြစ်သနည်းဟု လိုက်လံစုံစမ်းမှုပြုခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး-

“သူတို့က သူတို့ ဘာလိုချင်လို့ လိုချင်မှန်းတောင်မသိကြဘူး။ သူတို့လိုချင်တာတွေကို ရိုးရိုးပဲ ပြောကြတယ်။ ကျွန်မက သူတို့ကို ဘယ်လိုပစ္စည်းမျိုးသုံးရင် ပိုပြီးတော့ အဆင်ပြေမယ်၊ ထိရောက်မယ်ဆိုတာ အစဖော်ပေးရတယ်။ ဒီတော့မှ သူတို့က ပြောကြတာ။ ကျွန်မမှာ မှုခင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံ ဗဟုသုတ မရှိပါဘူး။ ဒါပေမဲ့ လူတွေရဲ့ လိုအပ်ချက်နဲ့ ပြဿနာတွေကို ကျွန်မက တီထွင်ပြီး ဖြည့်ဆည်းပေးလိုက်ရုံပါပဲ”ဟု ပြောပြသည်။ 

“ကျွန်မအနေနဲ့ လုပ်ငန်းမှာ အောင်မြင်ဖို့ လျှို့ဝှက်ချက်ဆိုတာ နှစ်ခုလောက်ပဲ လုပ်ရင်ရမယ်ထင်တယ်။ ကွန်ရက်နဲ့ တီထွင်မှုပဲ”ဟု သူက ဆက်ပြောသည်။ 

သူရှင်းပြချက်ကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ရဲတပ်ဖွဲ့က မှုခင်းအတွက် အသုံးပြုသည့် Stapping Plate ကို သူလေ့လာကြည့်သည့်အခါတွင် အလျုမီနီယမ်နှင့် လုပ်ထားသည်။ လိပ်ထားခေါက်ထားနိုင်သည်။ သို့သော် ဖောက်ထွင်း မမြင်ရ။ ထို့ကြောင့် ဖောက်ထွင်းမြင်နိုင်သည့် အကြည်ပြားနှင့် လုပ်လျှင် မည်သို့နေမည်နည်းဟု စဉ်းစားကြည့်သည်။ ရဲတပ်ဖွဲ့ဝင်များကလည်း လက်ခံကြသည်။

လက်ရီပြောသည့် ကွန်ရက်ဆိုသည်မှာ မှန်ကန်သည့် လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများကို ဆိုလိုခြင်းဖြစ်သည်။ သူ့ကို ဗြိတိန်အစိုးရ၏ Small Business Council က ကျောထောက် နောက်ခံပေးထားသည်။ ဗြိတိန်တွင် အခြေစိုက်ထားသည့် ကုလသမဂ္ဂသို့ ပစ္စည်းများ ထောက်ပံ့ပေးနေရသည့် Global Compact Network နှင့် ချိတ်ဆက်မိစေရန်လည်း ၂၀ဝ၆ ခုနှစ်နိုဝင်ဘာလတွင် Small Business Council အဖွဲ့က ထောက်ခံပေးသည်။ အဖွဲ့အစည်းနှစ်ခု အထောက်အပံ့များနှင့်ပင် သူတို့ များစွာသော အဖွဲ့အစည်းများနှင့် ကွန်ရက် ချိတ်ဆက်မိသွားသည်။ ထို့ကြောင့်လည်း လုပ်ငန်း အောင်မြင်ပြီး အကျိုးအမြတ်များ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ 

“ကျွန်မက သတင်းတွေ စောင့်ကြည့်တယ်။ အီရတ်စစ်ပွဲမှာ အီရတ်တွေကို လေ့ကျင့်ပေးနေတဲ့သူတွေက အရည်အသွေး ပြည့်မီသူတွေ မဟုတ်ဘူးဆိုတာ သွားတွေ့ရတယ်။ ကျွန်မတို့က ဘယ်လို အကူအညီပေးရင် ကောင်းမလဲ ဆိုပြီးတော့လည်း တွေးမိတယ်။ ကျွန်မတို့မှာရှိတဲ့ မှုခင်းဆိုင်ရာ အတွေးအမြင်တွေကို ဖျောက်ပစ်လိုက်ရတယ်။ ဒါနဲ့ပဲ ကုလသမဂ္ဂနဲ့ ဆက်ပြီး လုပ်ဖို့လုပ်ငန်းတွေ ပေါ်လာရတယ်”

ဤသို့ဖြင့် Forensic Pathways သည် ကမ္ဘာကြီး၏ အန္တရာယ် ကျရောက်မည့် ဘေးများကို ကာကွယ်ပေးသည့် လုပ်ငန်းကို လုပ်ဆောင်မှန်းမသိ လုပ်ဆောင်လာမိသည်။ ကမ္ဘာ့ အကြမ်းဖက်မှုများ ပေါများလာသည့်အလျောက် မှုခင်းထောက်လှမ်းသည့် နည်းပညာများဖြင့် သူတို့၏ ထောက်လှမ်း ဖော်ထုတ်နိုင်စွမ်းများကို အစွမ်းပြလာနိုင်ခြင်းက လုပ်ငန်းကို ပိုပြီး အောင်မြင်စေခဲ့သည်။ 

“ကျွန်မတို့က ခုဆိုရင် လူတွေကို အများကြီး အထောက်အကူ ပြုပေးနေတယ်။ မှုခင်းဆိုင်ရာ သုတေသနလုပ်ငန်းတွေ လုပ်တယ်။ ပစ္စည်းတွေ တီထွင် ထုတ်လုပ်တယ်။ ကွန်ပျူတာ ဆော့ဖ်ဝဲတွေ သုံးပြီးတော့ တကယ့်ကို သတင်းအချက်အလက် ထောက်လှမ်းတဲ့ ကုမ္ပဏီကြီးအဖြစ် အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပါတယ်”ဟု လယ်ရီကဆိုသည်။

လယ်ရီသည် ကျောင်းဆရာမဘဝမှ စိတ်ကူးတစ်ချက် လင်းလက်သွားပြီနောက် အောင်မြင်မှုလမ်းကြောင်းကို မရောက် ရောက်အောင် လျှောက်ခဲ့သူ တစ်ယောက်ဖြစ်သည်။

  • VIA