News

POST TYPE

TIP

အွန်လိုင်းမှာ တွေ့တဲ့သူနဲ့ ချိန်းတွေ့သင့်ရဲ့လား
14-Nov-2017 tagged as


လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်မှာ အရွယ်မရောက်သေးသူတွေ သုံးနေတာကို အလွယ်တကူ မြင်နိုင်ပါတယ်။ အထက်တန်းနဲ့ အလယ်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက်တွေရဲ့ စုံတွဲဓာတ်ပုံလေးတွေလည်း မကြာခဏဆိုသလို မြင်လာရပါတယ်။ ပထမ တီးတိုးဝေဖန်ရာကနေ ကျယ်ကျယ်လောင်လောင် ဝေဖန်လာတဲ့အထိပါပဲ။ အရွယ်ငယ်သေးတဲ့အချိန်မှာ အချစ်ရေး မစဉ်းစားဖို့ မှတ်ချက်ပြုတဲ့သူတွေကို သူတို့က ခေတ်ဟောင်း လူသားတွေလို့ ပြန်လည် ပြက်ရယ်ပြုပါတယ်။ ဓာတ်ပုံတင်ရုံနဲ့ ပြီးရင်ကောင်းပါရဲ့။ နောက်ဆက်တွဲတွေက ဘယ်အရာကိုမဆို စမ်းသပ်ချင်နေကြတဲ့ လူငယ်လေးတွေကြားမှာ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါထက် ပိုတာကတော့ အွန်လိုင်းမှာ တွေ့တဲ့သူနဲ့ချစ်ကြိုက်ပြီး အပြင်မှာ ချိန်းတွေ့ကြတာပါပဲ။ ကျွန်တော်၊ ကျွန်မတို့တော့ ဘာမှမဖြစ်ပါဘူးလို့ စောဒက တက်နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ။ အွန်လိုင်းမှာ တွေ့တဲ့သူနဲ့အပြင်မှာ ချိန်းမတွေ့သင့်တဲ့ အကြောင်းပြချက်တွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ 

ဖေ့စ်ဘွတ်ခ် အကောင့်ဖွင့်ဖို့ လွယ်လွယ်လေး

သိရက်နဲ့ မမေ့ဖို့ပါ။ သင့်ကို ထောင်ချောက်ဆင်မယ့်သူတွေ ရှိနေတယ်။ ချစ်ပါတယ် ကြိုက်ပါတယ် ပြောနေတဲ့နောက်မှာ သူငယ်ချင်းတစ်သိုက် ရယ်မောနေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ပရိုဖိုင် မဟုတ်တဲ့ အကောင့်တုတွေနဲ့ ပြောဆိုဆက်သွယ် လာတာတွေက တစ်ချိန်မှာ ကိုယ့်ကို တစ်နည်းနည်းနဲ့ ဒုက္ခပေးလာနိုင်ပါတယ်။ မမေ့ဖို့က ဖေ့စ်ဘွတ်ခ်အကောင့် ဖွင့်ဖို့က အရမ်း လွယ်တယ်ဆိုတာပါပဲ။ သင်နဲ့ ပြောထားတဲ့ မက်ဆေ့ခ်ျတွေ၊ သင့်ရဲ့ဓာတ်ပုံတွေကို အလွဲသုံးခံရနိုင်ပါတယ်။

ဘယ်ကလဲ၊ ဘယ်သူလဲ

ကိုယ်နဲ့ အွန်လိုင်းမှာပဲ တွေ့တယ်။ ဘယ်ကလဲ၊ ဘယ်သူလဲ ကိုယ်တိုင် သိမထားဘူး။ အွန်လိုင်းမှာ ချစ်ကြိုက်ပြီး အပြင်မှာ ချိန်းတွေ့ကြပြီ ဆိုကြပါစို့။ တစ်ဖက်လူက ဘယ်လို စိတ်နေစိတ်ထားလဲဆိုတာ သင်သိမထားပါဘူး။ သင့်ကို အန္တရာယ်ပြုချင်ရင် အလွယ်လေးပါ။ မှုခင်းသတင်းတွေမှာလည်း Viber ကနေ ချစ်ကြိုက်ခဲ့တဲ့သူကို ချိန်းတွေ့ဖို့ အသွား အွန်လိုင်းချစ်သူက ပစ္စည်းတွေ ရိုက်လုသွားတာမျိုး ဖတ်မိမှာပါ။ သင်ခန်းစာယူပါ။

လူကုန်ကူးခံရနိုင်တယ်

ဘယ်သူလဲ၊ ဘယ်မှာနေလဲ မသိတဲ့သူတစ်ယောက်က သူ ဘယ်သူပါ၊ ဘယ်မှာနေတယ်ဆိုတာကို သင့်ကို လိမ်လည်ထားဖို့ အလွယ်လေးပါ။ ဒါကို ယုံကြည်မိနေရင်တော့ အပေါ်မှာပြောခဲ့တဲ့ ပစ္စည်းတွေ ရိုက်လုခံရတာထက်တောင် ဆိုးရွားနိုင်ပါသေးတယ်။ လိင်ပိုင်းဆိုင်ရာ လိမ်လည်ရယူတာ၊ နောက်ဆုံး လူကုန်ကူးခံရတဲ့အထိ အဖြစ်ဆိုးနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးကိုလည်း မှုခင်းသတင်းတွေမှာ မြင်တွေ့ဖူးကြမှာပါပဲ။

ကိုယ်နဲ့ အပြင်မှာ မတွေ့ဖူး၊ မသိဖူးပါဘဲ အွန်လိုင်းမှာ တွေ့ဆုံ ချစ်ကြိုက်တယ်ဆိုတာ အဓိပ္ပာယ်မဲ့နေတယ်လို့ ဆိုနိုင်ပါတယ်။ ခြွင်းချက်တော့ ရှိတာပေါ့။ အစစ်အမှန် မဟုတ်ဖို့က များပါတယ်။ စိတ်အပျော်လိုက်လို့ပဲဖြစ်ဖြစ်၊ ယုံကြည်စိတ် လွန်ကဲတာပဲဖြစ်ဖြစ် အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်ပဲ ဆုံးရှုံးရမှာပါ။ အများစုက ထိခိုက်မှုတွေဟာ မိန်းကလေးတွေမှာပဲ ဖြစ်နိုင်တယ်လို့ ထင်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ယောက်ျားလေးတွေမှာလည်း သတိပြုရပါမယ်။ 

အွန်လိုင်းမှာ ကိုယ်မသိတဲ့သူနဲ့ ချစ်ကြိုက်ပြီး အပြင်မှာ ချိန်းတွေ့ဦးမှာလား။

  • TAGS