News

POST TYPE

TIP

ပျော်ပျော်ပါးပါး စီးပွားရှာလိုသူ စတီဖင် ဝစ်ဆင်ဘတ် (Srefan Wissenbach)
05-Nov-2017

“ခင်ဗျားရဲ့ ထူးခြားတဲ့ အရည်အချင်းက ဘာလဲဗျ”

စတီဖင် ဝစ်ဆင်ဘတ်က လူတစ်ယောက်၏ အရည်ချင်း (Ability) ကို အလွန် အရေးကြီးကြောင်း လက်ခံယုံကြည်ထားသူ ဖြစ်သည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦး ဖြစ်ရန်အတွက် လူတစ်ဦးတွင် ထူးခြားသည့် အရည်အချင်း သို့မဟုတ် အစွမ်းအစ တစ်ခုခုတော့ ရှိနေရမည်ဟု သူက ယုံကြည်ထားသည်။ 

စတီဖင်သည် Wissenbach Group ကုမ္ပဏီကြီး၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသူ ဖြစ်သည်။ သူ ထူထောင်ထားသည့် ကုမ္ပဏီကြီးသည် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအတွက် အကြံကောင်း ဉာဏ်ကောင်းတွေ ပေးနေသည်။ သူ့နှင့် ဆက်သွယ် လုပ်ကိုင်နေသည့် လုပ်ငန်းကွန်ရက်က အကျယ်ကြီးဖြစ်သည်။ သူ့ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၂၂ ဦးသာ ရှိသော်လည်း သူတို့နှင့် ချိတ်ဆက်ထားသည့် လုပ်ငန်းတွေက စတာလင်ပေါင် ၃ သန်းမှသန်း ၁၀ဝ အထိ ရင်းနှီးမြှုပ်နှံထားသူတွေ ဖြစ်နေသည်။ 

သူက ရက်ပေါင်း ၉၀ ပြည့်တိုင်း အင်္ဂလန်မှ အမေရိက ချီကာဂိုသို့ လေကြောင်းခရီးဖြင့် သွားတတ်သည်။ အမေရိကရောက်တိုင်း လုပ်ငန်းရှင်လေးတွေနှင့်တွေ့ပြီး သွန်သင်ညွှန်ပြမှုတွေ လုပ်ပေးရသည်။ 

“ကျွန်တော် သူတို့နဲ့တွေ့တိုင်း ပြောလေ့ရှိတာက စတာလင်ပေါင် သန်းဝက်ထက် ကိုယ်ရည်ကိုယ်သွေး တန်ဖိုးက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောရတယ်။ ကျွန်တော်နဲ့ တွေ့တဲ့အထဲမှာ ဘရာဇီးက မြေယာတွေကို ဒုတိယ အများဆုံး ပိုင်ဆိုင်တဲ့ သူလည်း ပါတယ်။ သူတို့က ချမ်းသာနေပေမယ့် ကျွန်တော့်ဆီကနေ တစ်ခုခု သင်ယူချင်နေကြတယ်။ ကျွန်တော်တို့ ဗြိတိန်က လုပ်ငန်းရှင်တွေကတော့ အရာရာကို သူတို့သိပြီးသားတွေလို့ချည်း ထင်ကြတယ်”ဟု သူကဆိုသည်။ 

သူက လုပ်ငန်းရှင်တွေကို နည်းကောင်းလေးတွေ သွန်သင်ညွှန်ပြတတ်သည်။ စီမံခန့်ခွဲမှု ပညာတွင် ဘာက အရေးကြီးသနည်း

“အရေး အကြီးဆုံး ခင်ဗျားရဲ့ ထူးခြားတဲ့ အရည်အချင်းပဲ။ လုပ်ငန်းရှင်တွေက အများကြီး လိုက်လုပ်နေတယ်။ အဲဒါတွေဟာ အရည်အချင်း မဟုတ်ဘူး။ ကိုယ့်ရဲ့နေ့တွေကို လွတ်လပ်တဲ့နေ့၊ အာရုံစိုက်ရမယ့်နေ့၊ ပြန်တွေးရမယ့်နေ့ဆိုပြီး ခွဲခြားထားနိုင်ရမယ်။ လွတ်လပ်တဲ့နေ့ ဆိုတာက အဲဒီနေ့တွေမှာ အလုပ်နဲ့ ပတ်သက်တာတွေကို ဘာမှလည်း မလုပ်ဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ လူက လွတ်လပ်ပေါ့ပါးနေရင် အတွေးတွေလည်း ပိုပြီးတော့ ကောင်းလာနိုင်တယ်။ အာရုံပြန်စိုက်တဲ့နေ့ ဆိုရင်တော့ လုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းလောက်ကို မြှုပ်နှံထားပြီး အကောင်းဆုံး လုပ်တော့။ ပြန်တွေးသုံးသပ်ရမယ့်နေ့မှာတော့ နောက်လုပ်မယ့် အလုပ်တွေအတွက် စီမံကိန်းတွေချတော့”ဟု သူက အောင်မြင်သူ တစ်ယောက်အတွက် လမ်းညွှန်မှုတွေ လုပ်သည်။ 

ဝစ်ဆင်ဘတ်သည် သူ့ကိုယ်သူလည်း ဦးတည်ရာ ပန်းတိုင် သတ်မှတ်ပြီး နေထိုင်သူတစ်ယောက်ဖြစ်သည်။ သူ့တွင် သုံးနှစ်၊ တစ်နှစ်၊ ရက် ၉၀၊ တစ်လ စီမံချက်တွေ ရှိသည်။ သူက ထိုရက်များတွင် ဘာဖြစ်ရမည်ကို ပန်းတိုင်တစ်ခု သတ်မှတ်ထားပြီး ချရေးထားလေ့ ရှိသည်။

“အဲဒီလို သတ်မှတ်ထားတာက ပုံရိပ်တစ်ခုကို ဖော်ဆောင်ထားသလို ဖြစ်ပြီးတော့ အာရုံစူးစိုက်အားကို ပိုကောင်းစေတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာကို တွန်းအားတွေ ပေးတတ်တယ်” ဟု သူကဆိုသည်။

အာရုံစူးစိုက်ပြီး လုပ်ရမည့် အလုပ်များထဲတွင် မိသားစုရေးနှင့် ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးတို့ကိုလည်း သူက ထည့်ဆွဲထားတတ်သည်။

“အောင်မြင်တယ်ဆိုတဲ့ လုပ်ငန်းရှင် အများစုဟာ တစ်ပတ်မှာ ခြောက်ရက်လောက် အလုပ် လုပ်ကြတယ်။ သူတို့ နောက်ကွယ်က လက်ထပ်ထားတာတွေရော၊ နှောင်ကြိုးတွေကိုရော ဖြတ်ထားလေ့ ရှိကြတယ်။ ဒါမျိုးတွေ မဖြစ်သင့်ဘူး”ဟု သူက အကြံပြုထားသည်။

ဝစ်ဆင်ဘတ်သည်လည်း တစ်ပတ်ကို ခြောက်ရက်လောက် အလုပ်လုပ်သူဖြစ်သည်။ သို့သော် သူက နှစ်ပတ်လောက် နားချင် နားနေတတ်သူဖြစ်သည်။ သူ့ကို လုပ်ငန်းရှင်တစ်ယောက်က ပြန်ပြီး သင်ခန်းစာ ပေးသွားသည်။ တစ်ပတ်တွင် လေးရက်ခန့်သာ လုပ်ပြီး တစ်နှစ်တွင် ရှစ်ပတ်ခန့် အနားယူရန်ဖြစ်သည်။ ရလဒ်က ဘာဖြစ်လာသနည်း။

“အဲဒီလိုလုပ်ပြီး နောက်နှစ်မှာ အကျိုးအမြတ်က နှစ်ဆ တက်သွားတယ်” ဟု သူကဆိုသည်။

သူ့လုပ်ငန်းတွင် နှစ်ဆ အကျိုးအမြတ်တွေ တက်လာရုံမက သူက သူ့ဝန်ထမ်းတွေအတွက် အားပေးအားမြှောက်မှု တစ်ခုကိုပါ စီစဉ်ပေးရသည်။ အပတ်စဉ် ကြိုးစားအားထုတ်ဆုအဖြစ် အလုပ်ချိန် သုံးပုံ တစ်ပုံသာ လုပ်ခိုင်းပြီး ပြန်ဆင်းခိုင်းခြင်းဖြစ်သည်။ လကုန်တိုင်းလည်း ကောက်တေးပါတီလေးကို ကုမ္ပဏီတစ်ခုလုံး တက်ရောက်ပြီး ပျော်ပွဲဆင်နိုင်ရန် စီစဉ်ပေးသည်။ 

“ကျွန်တော့် ဝန်ထမ်းတွေ အားလုံးကို ရက်ပေါင်း ၉၀ ပြည့်တိုင်း ကိုယ်ရေးကိုယ်တာ ဖွံ့ဖြိုးရေး အစီအစဉ်လေးတွေ လုပ်ပေးတယ်။ အချိန်တွေ အများကြီး ပေးတာ မဟုတ်ပေမယ့် သူတို့ကို ပျော်ရွှင်ရအောင် တစ်ခုခု စီစဉ်ပေးလိုက်တာ။ ကျွန်တော်တို့က လူတွေကို များများ ရင်းနှီးမြှုပ်နှံပေးနိုင်လေ၊ သူတို့က ပိုပြီး ကြိုးစားလုပ်ကိုင်ပေးနိုင်လေပါပဲ”ဟု သူက အတွေ့အကြုံကို ပြန်ပြောပြသည်။

“ကျွန်တော်က မျက်လှည့်ဆန်တဲ့ အနာဂတ်ကို လူတွေအတွက် ဖန်တီးပေးချင်တာပါ။ ကျွန်တော့်ဘဝကို ကျွန်တော် တွေးတောကြံဆ တည်ဆောက်ခဲ့ရပါတယ်။ ဘဝခရီးကို ကျွန်တော်က ပျော်ပျော်ပဲ လျှောက်ချင်တယ်”ဟု သူကဆိုသည်။ သူ့နည်းအတိုင်း လုပ်ငန်းရှင်တွေကိုလည်း ပျော်ပျော်ပါးပါးဖြင့် လုပ်ငန်းတွေကို အောင်မြင်စေချင်သည်။ 

“လုပ်ငန်းရှင်တွေ အများစုက မိုးကုတ်စက်ဝိုင်းကြီး အလွန်မှာ ရွှေအိုးကြီး ရှိတယ်ဆိုပြီး တကောက်ကောက် လိုက်နေကြသူတွေလို ဖြစ်နေတယ်။ သူတို့ ရွှေအိုးကြီးကို ရကောင်း ရမယ်။ ရပြီးတော့ မပျော်ကြတော့ဘူး။ ကျွန်တော်ကတော့ အဲဒီလိုမဟုတ်ဘူး။ ပျော်ပျော်ပါးပါးနဲ့ ရွှေအိုးကိုရအောင် လုပ်မှာ”


  • VIA