News

POST TYPE

TIP

နတ်မှော်ဆင်စခန်း ပြန်ဖွင့်၊ နှစ်တစ်ရာ ကျွန်းစိုက်ခင်းကြည့် အစီအစဉ် ထည့်သွင်း
02-Nov-2017

ပြည်၊ နိုဝင်ဘာ ၁

သဘာဝ အခြေခံခရီးသွားလိုသူများအတွက် ပဲခူးတိုင်း အနောက်ပိုင်း ပြည်မြို့နှင့် ငါးမိုင်အကွာ ရန်ကုန်-ပြည်ကား လမ်းဘေးနှင့် ဧရာဝတီမြစ်ဘေးရှိ နတ်မှော်ဆင်စခန်းကို နိုဝင်ဘာလ ၁ ရက်က ပြန်လည် ဖွင့်လှစ်လိုက်ပြီး ယခုနှစ်တွင် နှစ်တစ်ရာကျော် သက်တမ်းရှိ ကျွန်းစိုက်ခင်း ကြည့် အစီအစဉ်ကို ထည့်သွင်းထားကြောင်း ပဲခူးတိုင်းသစ် လုပ်ငန်း၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။ 

သစ်ထုတ်လုပ်ရေးတွင် ဆင်အသုံးပြုမှု ရပ်နားထားသဖြင့် ဆင်များထဲမှ ယဉ်ပါးသည့်စွယ်စုံ ဆင်နှစ်ကောင်၊ ဆင်မ တစ်ကောင်နှင့် ဆင်သားအမိ နှစ်ကောင် အသုံးပြုကာ ဆင်စခန်းနှင့် ဧရာဝတီမြစ်ကမ်းတွင် အပျော်တမ်း ဆင်စီးခြင်း၊ ဆင်ရုပ်ပြခြင်း အစီအစဉ်အပြင် ယခုနှစ်တွင် အထက်ပါ အစီအစဉ်သစ်ကို ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒီဆင်စခန်းက အရင်ကတည်းက ဖွင့်လှစ်ထားတဲ့ စခန်းပါ။ မိုးရာသီမှာကတော့ ခရီးသွားနည်းတဲ့ ကာလလည်း ဖြစ်တဲ့အတွက် ဆင်တွေ မိုးကာလ တောထဲမှာ အစာရေစာ ကောင်းတဲ့အချိန် အနားပေးတဲ့သဘောပါ”ဟု ဦးထွန်းထွန်းဦးကဆိုသည်။

ဆင်အခြေပြု သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း လုပ်ဆောင်ခြင်းမှာ ဆင်တို့၏ သဘာဝကို လူအများ သိစေရန်နှင့် ဆင်များ၏ဘဝကို စာနာတတ်စေရန်၊ လူများနှင့် မည်မျှထိ နီးစပ်ကြောင်း ပြည်သူလူထု သိစေရန်၊ လက်ရှိ မြန်မာနိုင်ငံအတွင်း တောဆင်များမှာလည်း ဆင်မုဆိုးတို့၏ အန္တရာယ်များဖြင့် ကြုံတွေ့နေရသောကြောင့် ပြည်သူလူထုအနေနှင့် ဆင်အား ချစ်ခြင်း၊ မြတ်နိုးစိတ်များ ဖြစ်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီလို လွယ်လွယ်ကူကူ ဈေးသက်သက်သာသာနဲ့ ဆင်စီးရတာ၊ သရုပ်ပြတာတွေ ကြည့်ရတာ ကောင်းတယ်၊ ကိုယ့်မြို့နယ်မှာလည်း လည်ပတ်စရာတစ်ခု တိုးတာပေါ့”ဟု လာရောက်သည့်ဒေသခံ တစ်ဦးက ဆိုသည်။

ယင်းသို့ ဆင်ဖြင့် လှည့်လည်ခရီးသွားခြင်းကို ပဲခူးရိုးမတွင်း သစ်ထုတ်လုပ်မှု ရပ်နားခဲ့သည့် ၂၀၁၆ခုနှစ်မှစ၍ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး ဆင်ထိန်းသိမ်းသည့် နည်းလမ်းတစ်ခုလည်းဖြစ်ကြောင်း အဆိုပါ ဆင်စခန်းထံမှ စုံစမ်း သိရှိရသည်။

ပြည်မြို့တွင် နတ်မှော်ဆင်စခန်းသို့ စနေ၊ တနင်္ဂနွေနှင့် ရက်ရှည်ပိတ်ရက်များတွင် လူတစ်ထောင်ခန့် ဝင်ရောက်လေ့ရှိကြောင်း၊ ဝင်ကြေးမှာ ပြည်တွင်း ဧည့်သည် ၅၀ဝ ကျပ်၊ ပြည်ပဧည့်သည် ၂၀ဝ၀ ကျပ် ကောက်ခံပြီး ဆင်စီးပါက ပြည်တွင်းဧည့်သည် ၂၀ဝဝကျပ်၊ ပြည်ပ ဧည့်သည် ၂၀ဝဝဝ ကျပ် ကောက်ခံကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ မတ်လ အထိ ခရီးသွားများထံမှ ရရှိငွေ ၂၆၂ သိန်းထိ ရရှိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

M-06


  • VIA