News

POST TYPE

TIP

ရိုးသားစွာဖြင့် စွယ်စုံကြိုးစား အောင်မြင်ခဲ့သူ ရစ်ကီ အက်ရှ် (Riky Ash)
29-Oct-2017

“စွယ်စုံအောင်လုပ်ပါ ”

ဗြိတိန် ဟာသသရုပ်ဆောင် ရွန်နေကော်ဘက်၊ သရုပ်ဆောင်မင်းသမီး ဟာမီဝမ်နောရစ်နှင့် နာမည်ကျော် တီဗီအစီအစဉ်ဖြစ်သည့် Last of the Summer Wine ဇာတ်လမ်းတွဲမှ သရုပ်ဆောင် ထက်ဝက်ကျော်တို့သည် အဘယ်ကြောင့် အောင်မြင်ကျော်ကြားရသနည်း။ သူတို့အားလုံး ရစ်ကီအက်ရှ်ကြောင့် နာမည်ကျော်လာရသည်ဆိုလျှင် လွန်အံ့မထင်။ 

ရစ်ကီအက်ရှ်သည် Falling For You ဆိုသည့် စတန့်လုပ်ငန်းကို ထူထောင်ထားသည်မှာ ၁၀ နှစ်ကျော်လာပြီဖြစ်သည်။ ထိုကာလအတွင်း သူသည် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ပေါင်း ၃၅၀ ကျော်အတွက် အလုပ် လုပ်ပေးခဲ့ပြီးဖြစ်သည်။ သူ့ကို ကမ္ဘာ့စံချိန် (Guinness Book of Records) ကလည်း ကမ္ဘာ့စွယ်စုံရ စတန့်ပညာရှင် တစ်ဦးအနေနှင့် မှတ်တမ်းဝင်ဖော်ပြခဲ့သည်။ 

သူသည် မီးလောင်သည့် အဆောက်အအုံများထဲက ခုန်ထွက်သည့် စတန့်ပြကွက်များ၊ ပုလင်းများဖြင့် ခေါင်းကိုရိုက်ခွဲသည့် ပြကွက်များကိုလည်း ရိုက်ကူးရာတွင် ကိုယ်စား သရုပ်ဆောင်ပြသည်။ အစောပိုင်းကာလကတည်းက ရုပ်ရှင်စတန့်ထွင်သည့် လုပ်ငန်းများတွင် ဝင်ရောက် သရုပ်ဆောင်ရသည်။ 

မင်းသား မင်းသမီးတွေ ပါဝင် မလုပ်ဆောင်နိုင်သည့် အခန်းတိုင်းတွင် သူ လူစားဝင်သည်။ မြင်းစီး၊ ကားမောင်း၊ ဆိုင်ကယ်စီး၊ မီးတွေဝိုင်းနေသည့် အထဲတွင် ပြေးလွှား၊ ရေကူး၊ မော်တော်ဘုတ်စီး၊ အမြင့်ကခုန်ချ၊ နှင်းလျှောစီး၊ လှေကားပေါ်က လိမ့်ကျစသည့် အန္တရာယ်ရှိသော အခန်းတိုင်းကို သူက လူစားဝင်ပြီး သရုပ်ဆောင်ပေးရသည်။

နောက်ပိုင်းတွင် ဝါရင့်ပညာရှင် ဖြစ်လာပြီး သရုပ်ဆောင်တွေကို သွန်သင်ပြသသည့် အလုပ်တွေကိုပါ လုပ်လာသည်။ ဇာတ်ကားများကို ကိုယ်တိုင် ထုတ်လုပ်သည့် လုပ်ငန်းများကိုပါ တစ်ဆင့်တက်ပြီး လုပ်ဆောင်လာနိုင်ခဲ့သည်။ 

“တီဗီကုမ္ပဏီတစ်ခုက ဇာတ်လမ်းထဲမှာ ပြတင်းပေါက်ကို ဖျက်ပြီးတော့ ပြေးဝင်၊ ထပြေးရတဲ့အခန်းတွေ ပါလာတယ်။ အဲဒီလို စွန့်စားရတဲ့ အခန်းတွေမှာ သရုပ်ဆောင်တွေက ကိုယ်တိုင် မလုပ်ချင်ကြဘူး။ ဘယ်လုပ်ချင်မလဲ။ သူတို့က ထိခိုက်မိသွားရင် နောက်အခန်းတွေကို ဆက်မရိုက်နိုင်မှာ စိုးရိမ်ကြတယ်လေ။ ဒါကြောင့် သူတို့အစား စတန့်သမားတွေက ကိုယ်စား ဝင်ပေးရတော့တာပေါ့”ဟု သူကဆိုသည်။

ငယ်စဉ်ဘဝက ရစ်ကီအက်ရှ်သည် မိုက်ရူးရဲအလုပ်များကို လုပ်ကိုင်ရခြင်းအား မမျှော်လင့်ခဲ့ပေ။ သူ့အနေအထားက လက်ရှိ သူ လုပ်ကိုင်နေရသည့် အနေအထားနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော် သူ့ကို ကွန်ဖူးပညာက မျက်စိဖွင့်ပေးလိုက်သည်။ သူက ဗြိတိန် ရုပ်သံကြည့်သူများကို ထူးဆန်းသည့် စတန့်ပြကွက်များ ဖော်ထုတ်ပြပြီး အမြင်တစ်မျိုး ပြောင်းသွားစေရန် စီစဉ်ကြည့်ချင်သည်။ 

“ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်ကျောင်း သွားတက်တယ်။ ဗြိတိန်သရုပ်ဆောင် သမဂ္ဂနဲ့လည်း ဆက်သွယ်တယ်။ အဲဒီနောက်ပိုင်း ကျွန်တော် စတန့်ပြကွက်တွေကို ဘယ်လို လုပ်ရတယ်ဆိုတာ လေ့လာတယ်။ သရုပ်ဆောင်တွေကို ကူညီရင်း ဘယ်လိုလုပ်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ကြံဆတယ်။ စတန့်ရုပ်ရှင်ဗီဒီယိုတွေ ငှားကြည့်တယ်။ စာကြည့်တိုက်က စာအုပ်တွေ ငှားဖတ်တယ်”ဟု သူက အခြေခံကစပြီး လေ့လာတက်ခဲ့ရပုံများကို ပြောပြသည်။ 

သူက နောက်ကိုပြန်ပြီး မကြည့်တတ်သူ ဖြစ်သည်။ Equity ဆိုသည့် ရုပ်ရှင်အဖွဲ့နှင့် ဆက်သွယ်ပြီးနောက် သူက အဆက်မပြတ် လုပ်ငန်းတွေလုပ်သည်။ 

“စတန့်သမားတွေ ရုပ်ရှင်တွေမှာ အများကြီး လိုလာတယ်။ ကျွန်တော်က အများကြီး လေ့လာထားတော့ ကျွန်တော့်ကို မဖြစ်မနေ ငှားကို ငှားလာရတော့တယ်”

စတန့်အလုပ်ကို မလုပ်မီက သူသည် ဗီရိုလုပ်သည့် လုပ်ငန်းကို လုပ်သည်။ တစ်နှစ်မှ စတာလင်ပေါင် ၆၀ဝ၀ ခန့်သာရသည့် လုပ်ငန်းဖြစ်သည်။ စတန့်အလုပ်ကို ဝင်လုပ်ရင်းက ဗီရိုလုပ်လျှင် တစ်နှစ်ရသည့် ဝင်ငွေကို တစ်ပတ်နှင့် ရှာဖွေလာနိုင်ခဲ့သည်။ မီးလောင်သည့် ပြကွက်တစ်ခုလောက်ကို လူစားဝင်လိုက်သည်နှင့် စတာလင်ပေါင် ၃၀ဝ၀ လောက်ရသည်။ ထိုစတန့်ပြကွက်တွေကို မကြောက်မရွံ့ ဝင်လုပ်ရင်းက သူသည် ချမ်းသာသည့်အဆင့်သို့ တစ်ထစ်ပြီးတစ်ထစ် တက်လာနိုင်ခဲ့သည်။ 

“ကျွန်တော် အကောင်းဆုံး သရုပ်ဆောင်ရတဲ့အခန်းတွေက ရုပ်သံဇာတ်လမ်းတွေမှာပဲ။ Last of the Summer Wine ဆိုတဲ့ ဇာတ်လမ်းတွဲပေါ့။ ဇာတ်လမ်းတွဲ ၅၀ လောက် ရိုက်ခဲ့ရတယ်။ နိုင်ငံခြားတွေမှာ ပြရင်လည်း အခကြေးငွေတွေ ထပ်ရတယ်”

ယခုဆိုလျှင် သူသည Falling For You ဆိုသည့် စတန့်ကုမ္ပဏီကို ပိုင်ဆိုင်နေပြီဖြစ်သည်။ တစ်နှစ်လ စတာလင်ပေါင် ၁၅၀ဝဝဝ မှ ၂၅၀ဝဝဝ အထိ ဝင်ငွေရှိသည်။ ပုံမှန် တစ်သိန်းခွဲလောက်ရသည်။ 

“ကျွန်တော့်ဘဝကို အဲသည်လောက်နဲ့ မကျေနပ်နေပါဘူး။ ကျွန်တော် ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ချုပ်ထားတယ်” ဟုဆိုသည်။ သူ့အနေနှင့် အမေရိကအထိ ခြေဆန့်ရန် ပြင်ဆင်ထားကြောင်း ပြောပြသည်။ 

“ကျွန်တော် ဘာကြောင့် အောင်မြင်သလဲဆိုတော့ စွယ်စုံရတယ်လေ။ ကိုယ့်အလုပ်ကို တန်ဖိုးထားတယ်။ ရိုးသားကြိုးစားတယ်။ စီးပွားရေး စာအုပ်တွေ အများကြီး မဖတ်ဖူးဘူး။ ကျွန်တော့်အတွက်တော့ သိပ်မထူး”ဟုလည်း သူက သူ့အမြင်ကို ပွင့်လင်းစွာ ပြောပြသည်။

သူ့စီးပွားရေးအမြင်နှင့် ပတ်သက်ပြီးသူက -

“အမှန်အတိုင်းပြောရရင် ကျွန်တော်က ကျွန်တော့်အလုပ်ကို တန်ဖိုးထားတယ်။ ကျွန်တော်က ပြောတဲ့အတိုင်း လုပ်ပေးတယ်။ သူတို့ လိုချင်တဲ့အတိုင်း တိတိကျကျ ဖြစ်အောင် လုပ်ပေးတယ်။ သူများနဲ့ ဆက်ဆံရင် ယဉ်ကျေးရမယ်၊ ရိုးသားရမယ်၊ ကုမ္ပဏီရဲ့ ဂုဏ်ကို ဆောင်နိုင်ရမယ်ဆိုပြီး လုပ်တယ်။ ကျွန်တော်ဟာ အမှန်အတိုင်းပြောရရင်တော့ ဆက်သွယ်ရေးသမားပဲ။ ကြားခံဆက်သွယ်ရေးသမားပေါ့။ မလုပ်နိုင်သူနဲ့ လုပ်နိုင်သူတွေကြားမှာ ဆက်သွယ်ပေးတယ်။ ပြီးတော့ ကျွန်တော်က အကောင်းမြင်သမား။ ပြဿနာ မရှာဘူး။ လုပ်ငန်းအတွက် တောင်းဆိုလာတာတွေကို အန္တရာယ်ကင်းစွာနဲ့ လုပ်ပေးနိုင်အောင် ကြိုးစားတယ်။ ကျွန်တော့် ဆောင်ပုဒ်ကတော့ ခင်ဗျားကြားသင့်တာကို ကျွန်တော်ပြောမယ်၊ ခင်ဗျားကြားချင်တာကိုတော့ ကျွန်တော် ပြောချင်မှ ပြောမယ်”


  • VIA