News

POST TYPE

TIP

ကျန်းမာရေးနဲ့ညီအောင် ခရီးဘယ်လိုသွားမလဲ
12-Jul-2016
ခရီးသွားပြီ ဆိုတဲ့အခါမှာ ကိုယ်နေနေကျ မဟုတ်တဲ့ ပတ်ဝန်းကျင်၊ ရာသီဥတုအသစ်၊ လူအများရှိရာ နေရာ၊ အစားအစာသစ် ဆိုတာတွေကို ထိတွေ့ဖြတ်သန်းရတာပါ။ အဲဒီလို ခရီးသွားတဲ့အခါ ကျန်းမာရေးနဲ့ ညီအောင် ဘယ်လိုပြင်ဆင် သွားလာနေထိုင်မယ် ဆိုတာတွေကို ခရီးသွားရာသီကာလ ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။

ခရီးသွားစဉ် ရေဆောင်ပါ

ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ လိုပါတယ်။ ခရီးသွားပြီဆိုတာနဲ့ အနည်းနဲ့အများ ပင်ပန်းကြမှာပါ။ မြန်မာနိုင်ငံရဲ့ ခရီးသွားရာသီက ပွင့်လင်းရာသီ ဖြစ်တဲ့အတွက် နေပူပြင်းလှပါတယ်။ ရေဓာတ် ဆုံးရှုံးတာတွေလည်း ရှိနိုင်တယ်။ ဒီလိုအချိန်မှာ ရေပိုငတ်စေနိုင်တဲ့ အရက်နဲ့ အချိုရည်သောက်တာ ရှောင်ပါ။ အကောင်းဆုံးကတော့ ရေပါပဲ။ ကိုယ်ပိုင်ရေဘူး ဒါမှမဟုတ် ရေသန့်ဘူးလေး သယ်လာတဲ့အခါ ရေပြန် ဖြည့်လို့ရလို့ ငွေကုန် သက်သာတဲ့အပြင် ရေသန့်ဘူးတွေ တစ်ဘူးပြီးတစ်ဘူး မဝယ်ရတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်သွားစေပါတယ်။

ခရီးမသွားခင် အစားအသောက်ကိစ္စ ကြိုတင်စီစဉ်ပါ

ယာဉ်ရထားရပ်နားတဲ့ နေရာတွေမှာတော့ အစားအသောက် ကောင်းကောင်း စားတာထက် ဒေသထွက် အစားအစာတွေ၊ ရိုးရာအစားအစာ တွေကိုပဲ စားရမှာပါ။ အချိန်အကြာကြီး ကားထဲနေရမှာ ဆိုတော့ အသင့်စားအစားအစာ တွေကို ကားရပ်တဲ့ နေရာတိုင်းမှာ စားမိနိုင်ပါတယ်။ အခန့်မသင့်ရင် တွေ့ကရာ အစုံစားရင်း ဝမ်းလျှောတာ၊ အစာမကြေတာ တွေကြောင့် ခရီးသွားတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အသီးအနှံနဲ့ ကိုယ်တိုင်လုပ် အစားအစာတွေကို ခရီးမသွားခင် အိမ်ကနေ ကြိုတင်စီစဉ်သွားသင့် ပါတယ်။

အသုံးဝင်နိုင်မယ့် ဆေးဝါးတွေ မမေ့ပါနဲ့

ကျန်းမာနေတဲ့ အချိန်မှာ ခရီးသွားတာတော့ အကောင်းဆုံးပါပဲ။ ခရီး မသွားခင် ရက်လေးတွေမှာ ကျန်းမာအောင် နေထိုင်စားသောက်ထား သင့်ပါတယ်။ ခရီးတစ်ခု ထွက်မယ်ဆိုတာနဲ့ ကြုံတွေ့ရမယ့် ပြသနာတွေထဲမှာ အိမ်သာ အဆင်မပြေတာ၊ လက်သန့်ရှင်းရေး မလုပ်နိုင်တာတွေ ကြုံနိုင်ပါတယ်။ ဒီလိုအခြေအနေ အတွက် လက်သန့်စင်တဲ့ ဆေးရည် ဆောင်ထားပါ။ ကား၊ ရထား၊ လေယာဉ် ဘယ်လိုယာဉ်ပဲ စီးနင်းသွားလာပါစေ အများနဲ့အတူ သွားလာရတာ၊ အများကိုင်တွယ်ရာ နေရာတွေကို ထိတွေ့ကိုင်တွယ်ရတာ ဖြစ်လို့လည်း လက်သန့်ဆေးရည် လိုပါတယ်။ အဝေးပြေးကားပေါ်မှာ ဖြစ်ဖြစ်၊ လေတိုက်တတ်တဲ့ သင်္ဘောပေါ်မှာ ဖြစ်ဖြစ် ခရီးနှင်ရမယ်ဆိုရင် နှာစေးတဲ့အခါ အသုံးပြုတဲ့ ဖြန်းဆေးဆောင်ထားပါ။

အခြား တစ်ကိုယ်ရေ အသုံးအဆောင်များ

ခရီးသွားနေတယ် ဆိုကတည်းက အိမ်ကအိပ်ယာထဲမှာ အိပ်ရတာလောက်တော့ အဆင်ပြေမှာ မဟုတ်တော့ လည်ပင်းနာတာ၊ ခါးနာကျင်တာတွေ အတွက် ခရီးသွားအိတ်ဆောင် ခေါင်းအုံးလေးကို ပစ္စည်းထုတ်ပိုးတဲ့အခါ သယ်ခဲ့ဖို့ သတိရပါ။ ခရီးသည်အများကြီး စီးရတဲ့ ယာဉ်တွေကတော့ အပူဒဏ်ခံနိုင်အောင် လေအေးပေးစက်ကို မြှင့်ထားတတ်ကြ ပါတယ်။ လူအများနဲ့ဆိုတော့ ကိုယ်တစ်ယောက်တည်း အတွက် လေအေးပေးစက်ကို အအေးဓာတ်လျှော့ပေးဖို့ ယာဉ်မောင်းကို ပြောဖို့မလွယ်ပါဘူး။ ကိုယ့်တစ်ကိုယ်စာ ခြုံစောင်လေး၊ သဘက်လေး သယ်လာမယ်ဆိုရင် အအေးဒဏ်ကနေ သက်သာစေမှာပါ။ လေးဘက်နာသမားတွေ ဆိုရင် ပိုသတိထားရမှာပါ။

ခရီးသွားတဲ့အခါ သတိမမူမိဘဲ မေ့တတ်ကြတာက မျက်ကပ်မှန်သမားတွေပါ။ မျက်ကပ်မှန် တတ်ထားမယ်ဆိုရင် လမ်းခရီးများ လေတိုက်လို့ ဖုန်မှုန့်ဝင်တာဘဲ ဖြစ်ဖြစ်၊ ယာဉ်စီးရတဲ့အချိန် ကြာတဲ့အခါ မျက်ကပ်မှန် မချွတ်မိတာဖြစ်ဖြစ်၊ မျက်ကပ်မှန်တပ်ဖို့၊ ဖြုတ်ဖို့ လက်သန့်စင်ရတာလည်း အဆင်မပြေတာ ဖြစ်ဖြစ် ကြုံနိုင်ပါတယ်။ ခရီးသွားစဉ် ရက်ပိုင်းမှာ မျက်ကပ်မှန်အစား ပုံမှန်မျက်မှန် ပြောင်းတပ်လာသင့်ပါတယ်။

နေမကောင်းသူများနဲ့ ဝေးဝေးနေပါ

ခရီးအတူ သွားသူတွေထဲ နှာစေး၊ ချောင်းဆိုးပြီး နေမကောင်းသူများ ရှိတတ်ပါတယ်။ အနည်းဆုံး ခြောက်ပေလောက် ခပ်ခွာခွာနေပါ။ ကိုယ့်ရဲ့အသက်ရှူ လမ်းကြောင်းကနေ တစ်ဆင့် သူ့ဆီက ဘက်တီးရီးယားတွေ ကူးစက်လာနိုင်တဲ့ အတွက် ရင်းနီးသူပဲဖြစ်ပါစေ အားမနာပါနဲ့။ မျက်နှာဖုံးစွပ် ကိရိယာလေး အဆင်သင့် ဖြစ်တယ်ဆိုရင်တော့ ဖျားနာနေသူကို မျက်နှာဖုံးတပ်ခိုင်းပါ။

References:
http://www.cntraveler.com
http://www.independenttraveler.com/