News

POST TYPE

TIP

အမြတ်ကို ပြန်ရင်းပြီး ချမ်းသာလာသူ ကာလို့စ် ဆလင်း ဟေလု (Carlos Slim Helu)
07-Oct-2017 tagged as


“ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမြတ်ထုတ်ပါ”

ကာလို့စ်သည် မက္ကဆီကိုမှ ဆက်သွယ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည်။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ၁၀ ဦး စာရင်းဝင် သူဌေးကြီးလည်းဖြစ်သည်။ အသက် ၇၇ နှစ်ရှိပြီး ပိုင်ဆိုင်မှုမှာ ၂၀၁၇ ခုနှစ်တွင် ၆၈ ဘီလီယံခန့် ရှိနေပြီဟုဆိုသည်။ မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းကြီးကို ဦးဆောင်နေပြီး လက်တင်အမေရိက တစ်ခုလုံးကိုပါ ချုပ်ကိုင်ထားနိုင်ခဲ့သည်။ 

မက္ကဆီကိုနိုင်ငံ၏ Mexican Stock Exchange တွင်လည်း ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို နာမည်ကျော် Apple Computer ကုမ္ပဏီကြီး၏ စတော့ရှယ်ယာ ၃ ရာခိုင်နှုန်းကိုလည်း အမြော်အမြင်ဖြင့် ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့သူလည်း ဖြစ်သည်။

မက္ကဆီကိုနိုင်ငံရောက်လျှင် သူနှင့်ကင်းသည့် စီးပွားရေးလုပ်ငန်းရှိမည်မဟုတ်။ ဖုန်းခေါ်သည်မှ စီးကရက် သောက်ရသည်အဆုံး သူရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများကို ပိုက်ဆံပေးနေရခြင်း ဖြစ်လိမ့်မည်။ တစ်ကမ္ဘာလုံးတွင်လည်း သူပိုင် ကုမ္ပဏီပေါင်း ၂၀ဝ ကျော် ထူထောင်ထားသည်။ ယင်းတို့အထဲတွင် ရေနံ၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှု လုပ်ငန်းများ ပါဝင်နေသောကြောင့် သူနှင့်လွတ်သည့် လုပ်ငန်းရှားသည်ဟု ဆိုရမည်သာဖြစ်သည်။

သူအဘယ်ကြောင့် ဤမျှ အောင်မြင်လာရသနည်းဆိုခြင်းကို သူက -

“ရိုးရိုးလေးစလုပ်၊ လုပ်ငန်း အတွေ့အကြုံရှိသူတွေကို ရာထူး နေရာပေးပြီး ဖွဲ့စည်း၊ လူတစ်ဦးချင်း အရည်အသွေး တိုးတက်မြင့်မားလာအောင် ဌာနအတွင်း သင်တန်းပေး”ဟု ရှင်းရှင်းလေး ပြောပြသည်။ 

သူက လုပ်ငန်းတစ်ခုလုပ်ရာတွင် လျင်မြန်စွာ ဆုံးဖြတ်ချက် ချတတ်ရန် အရေးကြီးကြောင်း၊ မလိုအပ်ဘဲ ငွေတွေ အများကြီး ပုံအောသုံးခြင်းထက် ခြိုးခြံချွေတာပြီး အခြေအနေ အချိန်အခါအရ သုံးစွဲသင့်မှ သုံးစွဲခြင်းကို ပြုလုပ်ရန်လည်း လမ်းညွှန်ခဲ့သည်။

“ကုမ္ပဏီတွေ တိုးတက်ခိုင်မာဖို့ဆိုတာ ခြိုးခြံချွေတာတတ်ရမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ရမယ်၊ ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ရမယ်”ဟုလည်း ဆိုခဲ့သည်။

သူ့ဘဝက အဆင်ပြေမှုတွေနှင့် စတင်ခဲ့ရသည်တော့ မဟုတ်။ ဖခင်က မက္ကဆီကိုသို့ လက်ဘနွန်နိုင်ငံမှာ ၁၉၂၀ ပြည့်နှစ်တွင် လာရောက် ခိုလှုံနေထိုင်သူ ဖြစ်သည်။ ထိုစဉ်က အသက် ၁၄ နှစ်သာ ရှိသေးပြီး စပိန်စကားလည်း မပြောတတ်သေးပေ။ ငယ်စဉ်ကတည်းက ခက်ခဲစွာ ကြိုးစား ရုန်းကန်ခဲ့ရပြီး လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်သည်အထိ ဦးဆောင်နိုင်ခဲ့သည်။ သူက -

“၁၉၂၀ လောက်တုန်းက ပစ္စည်း သေးသေးလေးတွေကိုပဲ များများ ရောင်းထွက်အောင် လိုက်လုပ်ရတယ်။ နည်းနည်းနဲ့ အမြတ် များတဲ့အလုပ်ပေါ့။ ကိုယ်တတ်နိုင်သလောက် စလုပ်ရတာလေ။ ဒါကြောင့်လည်း ခုခေတ်မှာ ဈေးလျှော့ပေးတဲ့ စတိုးဆိုင် အတော်များများကို လိုက်ဖွင့်နိုင်ခဲ့တာ”ဟုဆိုသည်။

ကားလို့စ်၏ ဖခင်ဖြစ်သူသည် စည်းကမ်းကြီးပြီး အလုပ်နှင့်ပတ်သက်လျှင် ကိုယ်ကျင့်တရားကို အလွန် အလေးထားသူ တစ်ဦးလည်းဖြစ်သည်။ သူ့သားသမီး ငါးယောက်အတွက် ပေးသည့် မုန့်ဖိုးများထဲက ပိုက်ဆံတွေကို စုဆောင်းထားပြီး စာအုပ်တွေ ဝယ်ဖတ်နိုင်စေရန် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးသည်။ ကိုယ့်မုန့်ဖိုးများကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးတတ်စေရန် သင်ပေးသည်။

ကလေးတွေ ဝယ်လာသည့် စာအုပ်များကို ဖတ်ပြီးနောက် ဖခင်ကြီးက သူနှင့်အတူ ဆွေးနွေးနိုင်ရန်လည်း စီစဉ်ပေးထားသည်။ ထို့ပြင် ပိုက်ဆံပေးလျှင်လည်း ဘာကို ဘယ်လိုသုံးမည်၊ ဘယ်လောက်သုံးမည်၊ မည်သို့သုံးမည်ဆိုသည့် အကြောင်းများကို အပြန်အလှန် ဆွေးနွေးခိုင်းသည်။ ဤသို့ဖြင့် သားသမီးများသည် ငယ်စဉ်ကတည်းက ငွေကြေးဆိုင်ရာ အသုံးနှင့် အဖြုန်း သဘောတရားများကို ကောင်းစွာ သိထားသူများ ဖြစ်နေပြီ။

အသက် ၁၂ နှစ်အရွယ်တွင် ကားလို့စ်သည် ဘဏ်စာရင်းစာအုပ်ကို ကိုယ်ပိုင် ဖွင့်ထားနိုင်ခဲ့သည်။ Banco Nacional de Mexico ၏ စတော့ရှယ်ယာများကို စတင် ဝယ်ယူသည့် အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

သူ၏ စီးပွားရေးအမြင်မှာ ရိုးရိုးနှင့် ရှင်းရှင်းလေး ဖြစ်သည်။

“ခိုင်မာတဲ့ဇွဲနဲ့ စိတ်ရှည်သည်းခံပြီး အကောင်းမြင်တတ်တဲ့စိတ်က ကိုယ့်လုပ်ငန်းက အောင်မြင်မှု ရစေလိမ့်မယ်။ အဲဒါက ကျွန်တော့်အဖေရဲ့ စည်းမျဉ်းပဲ။ ဘယ်အချိန်ပဲ စလုပ်လုပ်၊ လုပ်တဲ့အချိန်ဟာ နေ့ကောင်းပဲ။ အဲဒါကလည်း ကျွန်တော့်အဖေရဲ့နည်းပဲ။ စိတ်ထဲမှာ အမြဲထားရမှာက ကိုယ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပိုပြီး တိုးပွားလာအောင် စနစ်တကျနဲ့ စီမံခန့်ခွဲပြီး ဂရုစိုက် လုပ်ဆောင်နိုင်ဖို့ပဲ”

လုပ်ငန်းများလုပ်လိုက်၊ ရရှိသည့် အကျိုးအမြတ်များကို ပြန်လည် ရင်းနှီးမြှုပ်နှံလိုက်နှင့် နောက်ဆုံးတွင် မက္ကဆီကို နိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့်  ကုမ္ပဏီကြီးကိုပါ ထူထောင်နိုင်ခဲ့ပြီး အကျိုးအမြတ်တွေက လှိမ့်ဝင်လာသည်။ ကမ္ဘာတစ်ဝန်းသို့ သူ လှမ်းထားသည့် ခြေလှမ်းတွေကလည်း များလှသည်။ လက်တင်အမေရိက ဆက်သွယ်ရေးလုပ်ငန်း အားလုံးကိုပါ ထိန်းချုပ်ထားနိုင်သည့် သူ့စွမ်းအားနှင့် ကြိုးစားမှုများကား အံ့ဩဖွယ်ရာ ဖြစ်သည်။

ကားလို့စ်သည် ဘီလ်ဂိတ်စ်ကို အားကျအတုယူခဲ့သူဖြစ်သည်။ ဘီလ်ဂိတ်စ်ထံက နည်းတွေ အများကြီးယူပြီး ယခုအခါ သားသုံးယောက်ကို သူ့လုပ်ငန်းများအား ဦးစီး လုပ်ဆောင်ခိုင်းနေသည်။ သူက -

“ကျွန်တော့်အနေနဲ့ အမြဲတမ်း ရှင်သန်လှုပ်ရှားပြီး ခေတ်မီအောင် ကြိုးစားတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လည်း အမြဲ လေ့ကျင့်သင်ယူတယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံတွေရှိမှ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်။ အားလုံး ပူးပေါင်းပြီး လက်တွဲမလုပ်နိုင်ရင် ကျွန်တော်တို့ အခက်အခဲတွေကို ရင်မဆိုင်နိုင်ဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိရမယ်။ကိုယ့်မှာရှိတဲ့ လက်နက်တွေကိုသုံးပြီး ဘယ်လိုကျော်ဖြတ် အနိုင်ယူနိုင်တယ် ဆိုတာလည်း ကောင်းကောင်း သိထားဖို့လိုတယ်။ အကျိုးအမြတ်ဆိုတာ ဒီအတိုင်း ထားလိုက်ရင် ပျောက်သွားမှာပဲ။ ဒါကြောင့် ကိုယ်ရတဲ့အမြတ်တွေကို ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ် ပြန်ဖြစ်အောင် လုပ်ဆောင်နိုင်ရမယ်”ဆိုသည့်စကားမှာ မှတ်သားစရာပင်။

  • TAGS