News

POST TYPE

TIP

ပန်းတိုင်
07-Oct-2017 tagged as ပန်းတိုင်


အောင်မြင်မှုဆိုသည်ကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ အောင်မြင်မှုဆီသို့ ရောက်ရန်လည်း လမ်းပေါင်းများစွာကို ညွှန်ပြကြသည်။ သို့သော် “ပန်းတိုင်ရှိမှ အောင်မြင်သည်”ဆိုသည့် စကားကိုလည်း မေ့မထားသင့်ပေ။

ပညာရှင်တိုင်း ဘာလုပ်လုပ် ရည်ရွယ်ချက်နှင့် ပန်းတိုင်ကို ဖော်ဆောင်ရန် လမ်းညွှန်ကြမည်သာ ဖြစ်ပါသည်။ အောင်မြင်မှုဆိုသည်မှာ မတော်တဆ ရရှိလာတတ်သည်မဟုတ်ပါ။ အောင်မြင်မှုအတွက် တစ်ခုခုကို သတ်မှတ် ပြင်ဆင်ထားခြင်းကြောင့်သာ ရရှိလာခြင်းဖြစ်သည်။ 

အောင်မြင်သူ မှန်သမျှကို မေးကြည့်ပါ။ သူတို့တွင် တိကျသည့် “Mission” တစ်ခုခုနှင့် စတင်လုပ်ဆောင်ခဲ့ရကြောင်း တွေ့ရပေလိမ့်မည်။ ဘာလုပ်ရမည်၊ ဘယ်လောက် လုပ်ရမည်၊ ဘယ်သူတွေနဲ့ လုပ်ရမည်၊ ဘယ်အချိန် လုပ်ရမည်၊ ဘယ်တော့ပြီးမြောက်အောင်မြင်ရမည်ဆိုသည့် Mission မျိုးကို ဆိုလိုပါသည်။ 

စိတ်ထက် ဇွဲသန် ပြီးမြောက်ရန်ဆိုသည့် (Mission) မျိုးမရှိဘဲ ပြီးမြောက်အောင်မြင်ရန် မလွယ်ပါ။ လူသားတို့ သမိုင်းတွင် ပန်းတိုင်ဆီသို့ ဦးတည်ပြီး လျှောက်လှမ်းခဲ့ကြသောကြောင့်လည်း ယနေ့ ဤသို့သော အဆင့်အနေအထားတွင် နေထိုင်နိုင်ကြခြင်း ဖြစ်သည်။ လူသားတို့ဘဝတွင် အိပ်မက် သို့မဟုတ် စိတ်ကူးများသည် ပန်းတိုင်ဖြစ်သည်။ ပန်းတိုင်ရောက်ပြီး အောင်မြင်လာခဲ့ကြသည်။ နပိုလီယံဟီးက “လူသားများ၏ စိတ်ကူးနှင့် ယုံကြည်မှုသည် အောင်မြင်မှုကို ဖြစ်နိုင်သည်”ဟု ဖွင့်ဆိုပြခဲ့သည်။

ပန်းတိုင်မရှိဘဲ အသက်ရှင်နေထိုင်ခြင်းမှာ ဦးတည်ရာမဲ့ခရီး တစ်ခုကို ထွက်လာပြီး လျှောက်သွားနေခြင်းမျိုး ဖြစ်သည်။ မည်သည့်နေရာကို သွားရမှန်းမသိ စိတ်ကူးပေါက်ရာ ခြေဦးနှင့် ဒူးတည့်ရာ လျှောက်သွားနေလျှင် ရောက်ချင်ရာ ရောက်နေမည်သာဖြစ်သည်။ ဘဝတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ လျှောက်သွားနေသူတွေက များလှသည်။ 

ဦးတည်ရာမဲ့ လျှောက်သွားနေသည့် လူငယ်တွေ များနေပါသည်။ သူတို့ကိုယ်သူတို့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိသူတွေလည်း အများကြီး ဖြစ်နေသည်။ ပန်းတိုင် သို့မဟုတ် ဦးတည်ရာကို စာသင်ခန်းထဲတွင် မရှာနိုင်ပါ။ စာသင်ခန်းက ပန်းတိုင်ကို ညွှန်ပြပေးချင်မှ ပေးနိုင်ပါသည်။ ပန်းတိုင်ဆိုသည်မှာ ဘဝထဲတွင် ရှာရသည်။ စာသင်ခန်းဆိုသည်က ဘဝထဲတွင် ပန်းတိုင်ကို မည်သို့ ရှာနိုင်ကြောင်း အထောက်အပံ့ တစ်ခုခု ပေးကောင်း ပေးလိုက်နိုင်ပါသည်။ သို့သော် မသိသူ ကျော်သွား၊ သိသူဖော်စားဖြစ်သည်။ မသိသူတွေက များနေသည်။ 

ပန်းတိုင်ကြောင့် မည်သည့် အကျိုးတရားများကို ရရှိနိုင်သနည်း

- ပန်းတိုင်သည် တွန်းအားတစ်ခုဖြစ်သည်။ ပိတ်ဆို့ထားသည်ကို ဖောက်ထွက်မည်၊ တားဆီးထားလျှင် ကျော်ဖြတ်မည်။ မလိုသည်ကိုဖယ်၊ လိုသည်ကို ဆောင်ယူပြီး မရောက်ရောက်အောင် သွားချင်သည့် စိတ်မျိုးဝင်လာမည်။

- ပန်းတိုင်သည် ဘဝကိုပြဋ္ဌာန်းသည်။ သူများ လျှောက်သည့်လမ်းကို လိုက်ချင်မှ လိုက်မည်။ ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်လမ်း ကိုယ်လျှောက်လိုစိတ် ရှိလာသည်။ ကိုယ့်ဒူးကိုယ်ချွန်စိတ်ကို ဖြစ်လာစေသည်။

- ပန်းတိုင်ရှိခြင်းကြောင့် အကွာအဝေးကို တွက်ဆနိုင်သည်။ အခြေအနေ အချိန်အခါကို ထောက်ဆနိုင်စွမ်း ရှိလာသည်။ အမှားအမှန်ကို ပိုင်းဖြတ်နိုင်စွမ်း ရှိလာသည်။ ဘယ်လောက်ဝေးဝေး မရောက် ရောက်အောင် သွားရမည်မှာ တာဝန်တစ်ခုဖြစ်လာသည်။

- ပန်းတိုင်ကြောင့် ရည်ရွယ်ချက် တစ်ခုခုရှိလာပြီး ဘဝကို အဓိပ္ပာယ်ပိုပြီး ရှိလာစေသည်။ ဘဝ ဆိုသည်မှာ ထင်ထားသည်ထက် ပိုပြီး ကျယ်ဝန်းနက် ရှိုင်းကြောင်း သိမြင်လာနိုင်သည်။ ဘဝလှေကား ဆိုသည်မှာ တစ်ထစ်ပြီးတစ်ထစ် မြင့်တက်သွားရမည်။ ကျော်လွှားတက်လျှင် ပြုတ်ကျနိုင်သည်ကိုလည်း သဘောပေါက်သွားနိုင်သည်။ 

- ပန်းတိုင်ကြောင့် ဘဝသည် ပျင်းရိစရာ မကောင်း၊ ပျော်ရွှင်စရာ ကောင်းလာသည်။ စိတ်ဝင်စားစရာတွေ ပြည့်လာသည်၊ စိန်ခေါ်မှုများကိုပင် ပျော်စရာကောင်းသည်ဟု မြင်လာသည်။ ရင်ဆိုင်လိုစိတ်များ အံ့ဩစရာ ကောင်းလောက်အောင် ဖြစ်လာစေသည်။

- ပန်းတိုင်ဆိုသည်မှာ လျှောက်ရန်သက်သက် မဟုတ်၊ ရောက်ရန်လည်း လိုသည်။ ရောက် မရောက်ကို ဆုံးဖြတ်နိုင်စွမ်းလည်း ရှိရမည်။ ပန်းတိုင်ကိုရောက်လျှင် သူ့တွင် အတွေ့အကြုံတွေကြောင့် ကိုယ့်ကိုယ် ကိုယ် ကျေနပ်အားရမှုတွေ ဖြစ်စေနိုင်သည်။ ပန်းတိုင်တစ်ခုကို ရောက်လာခြင်းသည် အဆုံးမဟုတ်၊ နောက် ပန်းတိုင်တစ်ခုသို့ ဆက်လျှောက်ရန်အတွက် အစဖြစ်လာကြောင်း အလိုလိုသိမြင်လာစေသည်။

ပန်းတိုင်သည် ဦးတည်ချက်ဖြစ်သည်။

ပန်းတိုင်သည် ရည်ရွယ်ချက်ဖြစ်သည်။

ပန်းတိုင်သည် စိတ်ခေါ်မှုဖြစ်သည်။

ပန်းတိုင်သည် ဘဝကိုပိုပြီး စိတ်ဝင်စားဖွယ်ဖြစ် စေသည်။

ပန်းတိုင်သည် ဘဝ၏ဆုလာဘ်ဖြစ်သည်။

ပန်းတိုင်သည် ဘဝကို ပိုပြီးကောင်းမွန်စေသည်။

E-01