News

POST TYPE

TIP

နှစ်ခါအမှားမခံသူ အယ်ရွန် ဆင်ဆမ် (Aaron Simpson)
30-Sep-2017 tagged as ဗြိတိန်


“အကူအညီရလည်း ငွေမဖြုန်းပါနှင့်”

အယ်ရွန်သည် ဗြိတိန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်သည်။ ယခင်က ရုပ်ရှင်ပရိုဂျူဆာ လုပ်ခဲ့ပြီး ယခုအခါ Quintessentially Group ကို ထူထောင်ထားသည့် လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်နေပြီ။

“ဘာလုပ်လုပ် ယုံကြည်မှု အပြည့်ရှိပါ။ လူတွေကို ကိုယ်နဲ့ပါအောင် ခေါ်သွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားပါ။ ကျွန်တော် အကြံပြုချင်တာကတော့ ခင်ဗျားတို့မှာ အကူအညီတွေ ရနေလည်း ငွေတွေကို မဖြုန်းပါနဲ့”ဟု သူကဆိုသည်။

အယ်ရွန်၏ Quintessentially Group ပေါက်သွားသည့် အကြောင်းအချက်မှာ အထက်ပါ သူ့စကားကို အခြေခံထားသောကြောင့်ဖြစ်သည်။ ၂၀ဝ၈ ခုနှစ် အကုန်ခန့်တွင် သူ့ကုမ္ပဏီအမည်က နိုင်ငံပေါင်း ၇၀ လောက်အထိ ပျံ့နှံ့နေပြီ။ သူ့ဝန်ထမ်းတွေကလည်း ၁၅၀ဝ လောက်အထိ ခန့်ထားနိုင်လောက်သည့် အနေအထားကို ရောက်လာခဲ့သည်။

သူတို့ကုမ္ပဏီတစ်ခု အောင်မြင်အောင် ၇ နှစ်ခန့် ထူထောင် ကြိုးပမ်းခဲ့ရသည်။ သူနှင့် ဘင်အီလိယက်တို့ နှစ်ယောက် ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ ပထမဆုံး လန်ဒန်တွင် ကလပ်လေး တစ်ခုကို စတင် ထူထောင်ခဲ့ကြသည်။ စီမံခန့်ခွဲရေး သင်တန်းလေး တစ်ခုကို စတင်ပေးခဲ့ရာမှ တစ်ကမ္ဘာလုံးအထိ စီးပွားရေး လုပ်ငန်းများအတွက် လူရှာပေးခြင်း၊ အကြံပေးခြင်း၊ ဝိုင်မှသည် ယာဉ်မောင်းအထိ ရှာပေးခြင်း၊ ပစ္စည်းပျောက်မှသည် အားလပ်ရက် မည်သည့်နေရာကို ခရီးထွက်သင့်ကြောင်း အကြံပြုချက်အထိ အားလုံးကို ဝန်ဆောင်မှု ပေးနေသည်။

“အစောပိုင်းမှာ အလုပ်တွေ အများကြီး ကြိုးစားခဲ့ရပြီးတော့ အရမ်း ပင်ပန်းတယ်။ ကိုယ့်ကို လက်ခံလာအောင် အများကြီး စည်းရုံးခဲ့ရတယ်။ စားသောက်ဆိုင်တွေ၊ ကလပ်တွေနဲ့ အခြားလုပ်ငန်းတွေက ကျွန်တော်တို့နဲ့ ပူးတွဲ လုပ်ချင်လာအောင် စည်းရုံးရတယ်။ သူတို့မှာက ကိုယ့်ဖောက်သည်တွေနဲ့ကိုယ် ရှိနေပြီးသား။ ကျွန်တော်တို့ကို မလိုတော့ဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း နာမည်ကြီး စားသောက်ဆိုင်ကြီးတွေက စာရင်း ပယ်ဖျက်ခံရတဲ့ လူ ၁၂ ယောက်လောက် စပြီးရလာတယ်။ သူတို့ လိုအပ်တာတွေ အားလုံးကို ဖြည့်ဆည်းပေးလိုက်တော့ အားလုံး အဆင်ပြေသွားတယ်”

သူက မြို့တစ်မြို့တွင် ကိုယ်သိထားသင့်သည့် လူပေါင်း ၅၀ မှ ၁၀ဝ ခန့်ရှိသင့်ကြောင်း အကြံပြုသည်။ 

“ထိပ်တန်း စားသောက်ဆိုင်ကြီးတွေနဲ့ ကလပ်တွေ ဆိုတာက လူနည်းစုကပဲ ပိုင်တာပါ။ အရေးပါတဲ့သူတွေနဲ့ သိကျွမ်းထားရင် ပွဲပြီးပြီပေါ့”

သူက စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ချင်လျှင် ထင်ရှားကျော်ကြားသူများနှင့် သိကျွမ်းအောင်လုပ်ထားဖို့ အကြံပြုသည်။ သူတို့က ကိုယ့်လုပ်ငန်းကို များစွာ အထောက်အကူပြုနိုင်သည်။ ထို့ပြင် ယခင်ဝါရင့် လုပ်ငန်းရှင်များကို ပေါင်းသင်းခြင်းကလည်း သူတို့ထံမှ အကြံကောင်း ဉာဏ်ကောင်းများ ရစေနိုင်သည်။

“ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲတွေ မကြာခဏ လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ထင်ရှားကျော်ကြားသူတွေကို အမြဲ ရှာနေရတယ်လေ”

“သီချင်းဆိုတဲ့သူကနေ ဘောလုံးသမား၊ စီးပွားရေး လောကမှာ အောင်မြင်လာတဲ့သူကနေ တော်ဝင်မျိုးနွယ်တွေအထိ သတင်းမီဒီယာသမားတွေက စိတ်ဝင်စားကြတယ်လေ”

သူတို့ကုမ္ပဏီကို အမြဲ နာမည်တက်အောင် လုပ်နေသလို နာမည်ကျော်တွေထံကလည်း သူတို့ ကုမ္ပဏီသည် အားလုံးကို မဖြစ်မနေ ဝန်ဆောင်မှု ပေးနိုင်သည်ဆိုသော မှတ်ချက်တွေကိုလည်း မီဒီယာကတစ်ဆင့် အားလုံး သိအောင် လုပ်နိုင်သောကြောင့် Quintessentially Group သည် နာမည်ကျော်ပြီးရင်း ကျော်လာခဲ့ရသည်။

သူတို့လုပ်ငန်းတွေ အဘယ်ကြောင့် အောင်မြင်ရသနည်း။ ဝန်ထမ်းတွေ အားလုံးကို စိတ်တိုင်းကျ မွေးထားနိုင်သောကြောင့် ဖြစ်သည်။ သူတို့ကို လုပ်ပိုင်ခွင့်တွေလည်း ပေးထားသည်။ အခွင့်အရေးတွေလည်း ပေးထားသည်။ ကိုယ်ပိုင် ဆုံးဖြတ်တွေနှင့်လည်း လုပ်ပိုင်ခွင့်များ ရရှိသည်။

“ကျွန်တော်တို့က အပြည့်အဝ လုပ်ဖို့ အားပေးထားတယ်။ သူတို့ မှားသွားလည်း အမှားက သင်ခန်းစာ ယူခိုင်းတယ်။ အမှားကို နောက်တစ်ကြိမ် ထပ်ကျူးလွန်မိရင်တော့ ခွင့်မလွှတ်တော့ဘူး” 

သူက လုပ်ငန်းတိုင်းတွင် သူ့အခက်အခဲ သူ့ပြဿနာနှင့်သူ ရှိနေလိမ့်မည်ဟု ခံယူသည်။ များသောအားဖြင့် အကောင်းဘက်က ဖြည့်တွေးပေးသည်။

“၂၀၁၀ ပြည့်နှစ်အကုန်လောက်မှာ ကျွန်တော်တို့လုပ်ငန်းကို နိုင်ငံ ၁၀ဝ လောက်အထိ တိုးချဲ့ဖို့ မျှော်လင့်ထားတယ်။ ပြဿနာ ဖြစ်နေတဲ့နေရာတိုင်းမှာ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ကျွန်တော်တို့ ရှိနေရမယ်လို့ ခံယူထားတယ်။ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့သူတွေက ငွေသုံးနိုင်ဖြုန်းနိုင်တဲ့သူတွေ။ နိုင်ငံတိုင်းမှာတော့ ဆင်းရဲ ချမ်းသာ ကွာဟမှုတွေ ရှိနေမှာပဲ။ ဒါပေမဲ့ ချမ်းသာသူတွေ များသည်ထက် များလာလေ ကျွန်တော်တို့ ကုမ္ပဏီကလည်း အကူအညီပေးနိုင်လေ ဖြစ်လာပါလိမ့်မယ်”

ယခုအခါ သူတို့၏ Quintessentially Group သည် နိုင်ငံတကာရှိ စီးပွားရေးသမားများ၊ လုပ်ငန်းစတင် လုပ်ဆောင်သူများ၊ သူဌေးများအတွက် အကောင်းဆုံး အတိုင်ပင်ခံ အဖွဲ့ကြီးတစ်ခုအနေနှင့် သိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ သူ့ခံယူချက်အတိုင်း လုပ်ငန်းများကို ကျစ်ကျစ်လေးနှင့် အောင်မြင်အောင် လုပ်ခိုင်းတတ်သဖြင့် အောင်မြင်သည့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာသည်။