News

POST TYPE

TIP

ရက်ရှည်ရုံးပိတ်ရက်နှင့် အဝေးပြေးယာဉ်လက်မှတ်
25-Sep-2017
“ခရီးသည်တွေအတွက် အစိုးရရုံးပိတ်ရက်တွေမှာ ကားအစီးရေ တိုးချဲ့ပြေးဆွဲပေးသွားဖို့ ရှိပါတယ်”
ဦးဇော်ထွန်း (မိုးကောင်းကင်ယာဉ်လိုင်း လက်မှတ်အရောင်းတာဝန်ခံ)

အစိုးရရုံးပိတ်ရက်အတွက် နယ်ပြန်မယ့်ခရီးသည်တွေနဲ့ ဘုရားဖူးထွက်မယ့် ခရီးသည်တွေအတွက် ကြိုတင်လက်မှတ်တွေကို တစ်ပတ်လောက် ကြိုရောင်းချပေးနေပါပြီ။ လက်ရှိမှာကို ဘုရားဖူးတို့ နယ်ပြန်တာတွေအတွက် ခရီးသည် တော်တော်များများကို ကြိုတင်လက်မှတ်တွေ ရောင်းချပေးပြီးပါပြီ။ အခုနှစ်က ပထမဆုံးဖြစ်တဲ့အတွက် ခရီးသည်တွေ သြင်္ကန်ရက်တွေတုန်းကလိုပဲ သြင်္ကန်ကာလကလို တော်တော်များများ ခရီးထွက်ကြပါတယ်။ ဘုရားဖူး ကားတွေဆို ခုကတည်းက ကြိုစီစဉ်နေပါပြီ။ အခုရုံးပိတ်ရက်မှာ သြင်္ကန်နီးနီးလောက် မများပေမယ့် တော်တော်များများကတော့ နယ်ပြန်တာတွေ ဘုရားဖူးတွေ များတယ်။ ကျွန်တော်တို့ဘက်ကတော့ ခရီးသည်တွေအတွက် အစိုးရ ရုံးပိတ်ရက်တွေမှာ ကားအစီးရေ တိုးချဲ့ပြေးဆွဲပေးသွားဖို့ ရှိပါတယ်။ သြင်္ကန်ကာလတွေတုန်းက ယာဉ်စီးခ လက်မှတ်တွေ တိုးကောက်တာမျိုးတွေရှိပေမယ့် အခု အစိုးရရုံးပိတ်ရက်မှာတော့ ပုံမှန် ဈေးနှုန်းအတိုင်းပဲ ရောင်းချပေးသွားမှာပါ။

“ဒီနှစ် ခရီးထွက်တဲ့သူတွေ များမယ်ထင်လို့ လက်မှတ်ကို တန်းဖြတ်ရတယ်”
ကိုမျိုးမင်းပိုင် (ခရီးသည်) 

ကားလက်မှတ် ကြိုဝယ်ထားဖြစ်တယ်။ ဝယ်နေကျ အရောင်းကိုယ်စားလှယ်ဆီကပဲ ဝယ်တယ်။ အရင်နှစ်ကထက် ပိတ်ရက်တွေ ပိုဆက်နေလို့တော့ ခရီးသည် များမယ်ထင်တယ်။ လက်မှတ်က ခါတိုင်းလည်း ကြိုဖြတ်နေကြဆိုပေမယ့် အရင်က ဟိုရောက်လည်း အဲလောက် အလောတကြီး တန်းဖြတ်စရာ မလိုဘူး။ ဒါပေမဲ့ ဒီနှစ် ခရီးထွက်တဲ့သူတွေ များမယ်ထင်လို့ လက်မှတ်ကို တန်းဖြတ်ရတယ်။ လက်မှတ်အတွက် စိတ်ပူရတာမျိုးက အရင်ကဆို သြင်္ကန်ကာလတော့ရှိတယ်။ နယ်က ဦးလေးတွေဆီ သွားဖို့အတွက်ဆို တစ်လနီးပါး လက်မှတ် ကြိုဝယ်ထားရတာမျိုးတွေ ရှိတယ်။ ဟိုရောက်တာနဲ့လည်း ပြန်မယ့်ရက်ကို ကြိုဝယ်ထားရတယ်။ မဟုတ်ရင် လက်မှတ်ရဖို့က အရမ်းခက်ခဲတယ်။ သူ့ဆီကဝယ်နေကျဖြစ်နေတော့ လက်မှတ်လိုတယ်လို့ သူ့ဆီဖုန်းဆက်ရင် အဆင်ပြေအောင် သူကြည့်လုပ်ပေးတာ များတယ်။ ကိုယ်စီးချင်တဲ့ကား မရရင်တောင်မှ အဆင်ပြေမယ့်ကားတွေ သူ ပြောပြပေးတယ်။ ရအောင်လုပ်ပေးတယ်။ ကိုယ်သွားချင်တဲ့ ယာဉ်လိုင်းမဟုတ်ဘဲ တခြားယာဉ်လိုင်းပဲ စီးသွားရတာမျိုးတွေတော့ ရှိတာပေါ့။ ခုလိုပိတ်ရက်တွေ ဆက်နေတဲ့ ကာလမျိုးဆိုရင်တော့ ဖြစ်နိုင်မယ်ဆိုရင် သွားမယ့်ခရီးကို အစီအစဉ် သေချာဆွဲပြီးတော့ သွားမယ့်ရက်နဲ့ ပြန်မယ့်ရက်ကို လက်မှတ်တွေ ကြိုစီစဉ်ထားပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

“ကားဂိတ်တိုင်း အခုကတည်းက လက်မှတ်ကြိုရောင်းနေပါပြီ”
ဦးမောင်မောင်သက်ဆွေ (ဘုန်းမြတ်ပိုင် အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း တာဝန်ခံ )

သီတင်းကျွတ်ကာလဆိုတာ ခွင့် ပိတ်ရက်ရာသီချိန်ပဲဖြစ်လို့ နယ်ကိုပြန်မယ့်ခရီးသည်တွေအနေနဲ့ သြင်္ကန်တုန်းကလို့ ကားလက်မှတ်တွေ ကြိုဝယ်သင့်တယ်။ ဖြစ်နိုင်ရင် ပိတ်ရက်ရတဲ့ ရက်နဲ့ချိန်ပြီး အသွားအပြန် လက်မှတ် ဖြတ်သွားစေချင်တယ်။ အောက်တိုဘာ ၃ ရက်၊ ၄ ရက်နေ့ဆိုရင်ပဲ လက်မှတ်တွေ ပြည့်နေပြီ။ ကားဂိတ်တိုင်း အခုကတည်းက လက်မှတ်ကြို ရောင်းနေပါပြီ။ ကျွန်တော့်ဂိတ်လည်း အခုကတည်းက ရောင်းပါတယ်။ ထိုင်ခုံ အခက်အခဲ မရှိအောင် ခရီးသည်တွေက ကြိုဝယ်ကြတာပါ။ လက်မှတ်ခတော့ ပုံမှန်အတိုင်းပဲ။ ဈေးမတက်ပါဘူး။ အခုကတည်းက ကြို မဝယ်ဖြစ်ရင်တော့ ကားမရှိတဲ့ အခက်အခဲ မရှိပေမယ့် လိုချင်တဲ့ ထိုင်ခုံတော့ မရနိုင်ဘူး။

ခိုင်ချယ်ရီထွန်း


  • VIA