News

POST TYPE

TIP

မျက်ဗွေဖတ်စနစ် နှင့် ကြိုးမဲ့အားသွင်းစနစ်ပါ ဒေါ်လာ ၁၀၀၀ တန် ဘောင်ပြည့်ဖန်သားပြင်ဖုန်း iPhone X ကို Apple မိတ်ဆက်
13-Sep-2017 tagged as


ပုံမှန် iPhone 8 နှင့် 8 Plus ၊ ဆယ်လူလာစမတ်နာရီ watch series 3, 4K apple tv စက်များပါ ပြသ (အပိုင်း- ၁ iPhone X)

စက်တင်ဘာလ ၁၂ ရက်နေ့ မှာတော့ Apple ကုမ္ပဏီရဲ့ တည်ဆောက်ဆဲ “အာကာသယာဉ်” ရုံးသစ်ကြီးရဲ့ Steve Jobs ဇာတ်ရုံ အတွင်းမှာ iPhone ၁၀ နှစ်ပြည့် အထူးထုတ် iPhone X နဲ့ အခြား ပစ္စည်းသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ကောလာဟလတွေ၊ ကြိုထွက်ခဲ့တဲ့ သတင်းတွေ အကုန်မှန်ခဲ့ပါတယ်။

iPhone X 

လူစိတ်ဝင်စားမှု အရှိဆုံးဖြစ်တဲ့ iPhone X ကို နောက်ဆုံးမှ မိတ်ဆက်ပေမယ့် အရင်ဆုံး ရေးလိုက်ပါရစေ။ ပေါက်ကြားခဲ့တဲ့အတိုင်း iPhone X ရဲ့ ရှေ့မျက်နှာပြင် တစ်ခုလုံးနီးပါး ဖန်သားပြင်အပြည့် ဖြစ်သွားတဲ့အတွက် ဖုန်းက အရမ်းမကြီးဘဲ ဖန်သားပြင်အရွယ် ၅ ဒသမ ၈ လက်မဖြစ်သွားပါတယ်။ ဖုန်းအပေါ်ပိုင်း မျက်ဗွေဖတ်ဖို့ အာရုံခံစနစ်တွေ၊ စပီကာနဲ့ ရှေ့ကင်မရာတွေက စုပြုံနေရာယူထားတဲ့ ဘားတန်းလေးကိုပါ ဖန်သားပြင်က ငုံထားပါတယ်။

အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက iPhone X နဲ့ 8 ရဲ့ အသံထွက် ပြဿနာပါ။ macOS X မှာ ဆိုရင် X ကို UVWXY ထဲက X /ɛks/ လို့ အသံထွက်ပါတယ်။ အခု iPhone X ကျတော့ ဆယ်နှစ်ပြည့် အထူးထုတ်ကို ရည်ညွှန်းတယ်ဆိုပြီး စီအီးအို တင်မ်ကွတ်ခ် က iPhone Ten (တစ်ဆယ်) လို့ပဲ ခေါ်သွားတာ တွေ့ရပါတယ်။ ထင်တာတော့ iPhone 6s,7s စတာတွေက s သံရယ်၊ iPhone 8 က 8 အသံရယ်နဲ့ မရောအောင် Ten လို့ ခေါ်တာထင်ပါတယ်။ ဒါကြောင့် ရှင်းအောင် ဗမာလို ရေးရရင် အိုင်ဖုန်း တန်းပါ၊ အိုင်ဖုန်း အက်ခ်စ် မဟုတ်ပါဘူး။

မျက်ဗွေဖတ်စနစ်

အက်ပဲလ်ဖုန်းတွေမှာ LCD ကနေ ပထမဆုံး OLED ပြောင်းသုံးတဲ့ဖုန်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံး စွမ်းဆောင်ရည်ကတော့ မျက်ဗွေဖတ်စနစ်ဖြစ်ပြီး ဆမ်ဆောင်းမှာတုန်းကလို ဓာတ်ပုံပြပြီး ဖွင့်လို့ရတယ်တို့ဘာတို့ ဝေဖန်မခံရအောင် သေချာစမ်းသပ်ပြီး ဖန်တီးထားတာလို့ ဆိုပါတယ်။ မျက်နှာပုံကို ဖတ်တဲ့လုံခြုံရေးစနစ်မဟုတ်ဘဲ မျက်နှာသွင်ပြင်ထုထည်ကို အာရုံခံတဲ့စနစ်ဖြစ်တဲ့အတွက် လက်ရှိ လက်ဗွေဖတ်စနစ်ထက်ကို အဆပေါင်းများစွာ ပိုလုံခြုံတယ်ပြောတာပါပဲ။ နှုတ်ခမ်းမွေးမုတ်ဆိပ်မွေး ထူလာတာ၊ မျက်နှာရင့်ရော်လာတာ၊ ဆံပင်ပုံစံပြောင်းသွားတာ၊ ဦးထုပ်ဆောင်းထားတာတွေကိုလည်း သိနိုင်အောင်ဖန်တီးထားပြီး စက်ဉာဏ်က ကိုယ့်မျက်နှာ ပြောင်းလဲ လာမှုကို အလိုက်သင့်သိမှတ် သွားမှာလို့ဆိုပါတယ်။

Apple ရဲ့ Software ပိုင်းအကြီးအကဲ ခရိတ်ဖာဒါရီဂီ နမူနာပြတဲ့ပုံစံဆိုရင် ဖုန်းကိုကြည့်လိုက်တာနဲ့ လင်းလာမယ်၊ ပြီးရင် အောက်ကနေလက်ညှိုးနဲ့ပွတ်တင်လိုက်၊ ဒါဆိုရင် ရပါပြီ၊ ပြောနေတာ ကြာပေမယ့် သုံးတဲ့နေရာမှာ အကျင့်ရသွားရင် မျက်စိတစ်မှိတ်တောင် မကြာပါဘူး။ အခုမှ တစ်ရေးနိုးပြီး tap to wake (ထိလိုက်ရင်ဖုန်းမျက်နှာပြင် မှောင်နေရာက လင်းလာတဲ့စွမ်းဆောင်ရည်) ကိုလည်း ထည့်ပေးထားပါတယ်။ ခလုတ်မရှိတော့တဲ့အတွက် ဒါက အသုံးတဲ့စေမှာပါ။ မကျေနပ်ရင် Power button ကို တစ်ချက်ဖိပြီးတော့ ဖွင့်လို့လည်းရပါတယ်။

ကြည့်နေရင်းစဉ်းစားမိတာက မှောင်ထဲမှာဆို မျက်ဗွေကို ဘယ်လိုဖတ်မလဲဆိုတဲ့ကိစ္စပါ။ ဒါပေမဲ့ နောက်ပိုင်း ပိတ်ကားကြီးပေါ်မှာ မှောင်ထဲမှာလည်း ဖြာထွက်ရောင်ခြည်နဲ့ အာရုံခံပြီး ဖုံးဖွင့်နိုင်တယ်ဆိုတာ ပြသွားပါတယ်။ ဖလက်ရှ်မီးကြီးလင်းလာပြီး ကိုယ့်မျက်နှာကို ချိန်ဖတ်တာမျိုး မဟုတ်ပါဘူး။ ဒီတိုင်းမှောင်ထဲမှာ ဖုန်းကို စမ်းလိုက်၊ မျက်နှာရှေ့ထောင်ပြလိုက်ပေါ့။

Home Button ပျောက်ဆုံးမှုကြီး

iPhone တွေရဲ့ ရှေ့မျက်နှာပြင်က တစ်ခုတည်းသော ခလုတ် Home Button ပျောက်ဆုံးသွားတဲ့အတွက် အက်ပလီကေးရှင်းတစ်ခုထဲက ထွက်ရင် ဖန်သားပြင်အောက်ဆုံးနေရာက နေပွတ်ဆွဲပြီး ထွက်ရပါမယ်၊ အောက်ကနေ လက်နဲ့ ပွတ်တင်လိုက်တဲ့အခါ (ပြောရတာ တော်တော်ဂွကျတာပဲ) ဘားတန်းလိုဟာလေးပေါ်လာမယ်၊ အဲဒါလေးကို ဆွဲတင်လိုက်ရင် ပြန်ထွက်သွားပြီလို့ ဆိုပါတယ်။ ဒါဆိုရင် အရင်ဖုန်းတွေမှာ ဆွဲတင်ရင် ပေါ်လာတဲ့ Command Center ဘားလေးက ဘယ်ရောက်သွားသလဲဆိုတော့ အပေါ်ပြန်ရောက်သွားပါတယ်။ အပေါ်မှာ Notification ဘားလဲပါတော့ ဘယ်လိုတွေ လုပ်ကြမလဲဆိုတော့ အဖြေကရှိပါတယ်။ အပေါ်ဘယ်ဘက်ကဆွဲချရင် Notification ဘား၊ အပေါ်ညာဘက်က ဆွဲချရင် Command Center ဘားတန်းပေါ့။ စသုံးစမှာတော့ နည်းနည်းရွာလည်မယ့်သဘောရှိပါတယ်။

ကြိုးမဲ့အားသွင်းနည်းပညာ

Qi (ချီ) ကြိုးမဲ့အားသွင်းနည်းပညာကို သုံးထားတာက အိုင်ဖုန်းတွေထဲမှာတော့ ပထမဆုံးပေါ့။ ဒီနေရာမှာတော့ သူများဖုန်းတွေထက် နောက်ကျပါတယ်။ ဒီလိုကြိုးမဲ့အားသွင်းနည်းပညာ အထိရောက်ဆုံးသုံးဖို့အတွက် ကျောဘက်ကို သတ္တုပြားအစား ဖန်ပြားပြောင်းထည့်ထားတာလို့ ပွဲမှာညွှန်းသွားတာ ကြားလိုက်ပါတယ်။ ဖုန်းကို အားသွင်းတဲ့အပြားလေးပေါ် ပစ်တင်ထားလိုက်ရုံပဲပေါ့။

နောက်နှစ်ထဲမှာ ထွက်ဖို့ရှိတာက ဖုန်းရယ်၊ apple watch ရယ်၊ ဝိုင်ယာလက် အားသွင်းစနစ်ပါလာမဲ့ (မထွက်သေးတဲ့) airpod ကြိုးမဲ့နားကြပ်ဘူးအသစ်ရယ် သုံးခုစလုံး တင်ထားလို့ရတဲ့ အားသွင်းပြားကိုလည်း နမူနာပြသွားပါတယ်။ အဲဒါလေးကတော့ စိတ်ဝင်စားစရာပါ။ အားသွင်းကြိုးထက် အားသွင်းပြားက သွင်းရလွယ်တယ်ဆိုပေမဲ့ သယ်ရတာတော့ ပိုရှုပ်တယ်မလား။ နှစ်ပြားသုံးပြားဆို တော်တော်ရှုပ်မှာပါ။

မျက်ဗွေဖတ်နဲ့ Animoji

ခံစားချက်ကို အမြန်ဆုံးဖော်ပြလို့ရတဲ့ emoji ပုံလေးတွေကို ဘယ် messenger အက်ပလီကေးရှင်းမှာမဆို ၊ ဘယ်လူမှုကွန်ရက်မှာမဆို တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ အခု Apple က Animoji ဆိုပြီး ချစ်စရာ တိရစ္ဆာန်ခေါင်းပုံ အလှုပ်လေးတွေ သူ့ imessage အက်ပလီကေးရှင်းနဲ့ သုံးလို့ရတယ်လို့ ပြသွားပါတယ်။ ဒါများဘာဆန်းသလဲပေါ့။ မျက်ဗွေဖတ်စနစ်နဲ့ ပေါင်းလိုက်တဲ့အခါ ဆန်းပြားသွားပါတယ်။ ဒီအာရုံခံစနစ်ဟာ Animoji တွေကို ကိုယ်နဲ့ပေါင်းစပ်ဖို့ အထောက်အကူပြုပါတယ်။ ဥပမာ ကြောင်ခေါင်းပုံလေးရွေးလိုက်၊ ညာဘက်ထောင့်က ဗီဒီယိုခလုတ်ကို နှိပ်ပြီး ကိုယ်ကစားပြောလိုက်ရင် ကိုယ့်ခေါင်းလှုပ်ဟန်အတိုင်း ဖုန်းထဲကအကောင်လေးက လိုက်လှုပ်ပြီး လိုက်ပြောပါလိ့မ်မယ်။ ဆယ်စက္ကန့်ရပါတယ်။ ပြီးရင် တစ်ဖက်ကို ပို့လိုက်ပေါ့။ Talking Tom လို အသံပဲ လိုက်ပြောတာမဟုတ်ဘဲ အကောင်ရဲ့ မျက်နှာကပါ ကိုယ့်မျက်နှာရုပ်လုံးနဲ့ဆင်သွားပြီး နှုတ်ခမ်းတွန့်တာ၊ ပြုံးတာ၊ ဒေါသထွက်တာက အစ တစ်ပုံတည်းတူသွားတာက အရမ်းမိုက်ပါတယ်။ တစ်ခုပဲပြောစရာရှိတာက imessage မှာပဲ သုံးလို့ရတဲ့အချက်ပါ။

ကင်မရာ

၁၂ မဂ္ဂပစ်ဇယ် နောက်ကင်မရာ နှစ်လုံးကတော့ သိပ်မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ သူများထက်ရော အရင် 7 Plus ထက်ရော ပိုကောင်းအောင် လုပ်ထားတယ်ပြောသလို အဲဒီအချက်ကတော့ ကြော်ငြာသက်သက် မဟုတ်မှန်း သုံးသူတွေသိကြမှာပါ။ ကင်မရာရိုက်ရင်းနဲ့ နောက်ခံပြင်တာ၊ Potrait Mode ကို မျိုးစုံရိုက်လို့ ရတာတွေကတော့ တစ်ခြားဖုန်းတွေမှာလည်း ရှိတာကြောင့် အရမ်း ထူးတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ခံကို လုံးဝ အမှောင်လုပ်လိုက်တာတို့ ဘာတို့လုပ်ဆောင်ချက်တွေကတော့ အသုံးတည့်မှာပါ။

ချစ်ပ်နဲ့ Core

အက်ပဲလ်က ထုံးစံအတိုင်း RAM တို့ ဘာတို့ပြောတာ မဟုတ်ပါဘူး။ ချစ်ပ်ပြားဆိုလည်း သူ့ချစ်ပ်ပြားနဲ့ သူသုံးတာဖြစ်ပြီး 6 cores ပါတဲ့ A11 bionic chips လို့ ဆိုပါတယ်။ အရင် A10 ချစ်ပ်ထက် ၇၀ ရာခိုင်နှုန်း ပိုမြန်တယ်ဘာညာပေါ့။ မောင်းနှင်စနစ်သစ် iOS 11 နဲ့ ထွက်ရှိမှာဖြစ်သလို အရင်ဖုန်းတွေ သင်ပုန်းတွေအများစုလည်း နောင်တစ်ပတ် iOS 11 တင်လို့ရမှာဖြစ်ပါတယ်။

အမှန်ပြောရရင် အိုင်ဖုန်းတန်းနဲ့ ပတ်သက်ပြီး မကြိုက်တာ နှစ်ခုပဲရှိတယ်။ ပထမအချက်က ဈေးပေါ့။ ပေါက်ကြားမှုတွေ မှန်သွားတဲ့အထဲမှာ ဈေးနှုန်းလည်း အပါအ၀င်ပေါ့။ ၆၄ ဂီဂါဘိုက် ဗားရှင်းက ၉ ၉ ၉ ဒေါ်လာ၊ ၂၅၆ ဂီဂါဘိုက် ဗားရှင်းက ၁၁၄၉ ဒေါ်လာ ဖြစ်ပါတယ်။ ဒုတိယအချက်က ထွက်ရှိမယ့် ကာလပါ။ iPhone 8 ထက်နောက်ကျပြီး အောက်တိုဘာ ၂၇ အော်ဒါစမှာလို့ရမယ်၊ နိုဝင်ဘာ ၃ မှာ စရောင်းမှာဖြစ်ပါတယ်။ ပေါက်ကြားတဲ့သတင်းတွေထဲက အတိုင်းပဲ Apple ဟာ iPhone X ကို လုံလုံလောက်လောက် ထုတ်နိုင်ပုံမရသေးပါဘူး။

  • TAGS