News

POST TYPE

TIP

အပြေးအလွှား လူတော်များမွေးနေရသူ ကိုရင်း ဗီဂွယ် (Corinne Vigreux)
03-Sep-2017 tagged as


“တစ်ဖက်သတ်အမြင်က ပြဿနာ အားလုံးကို မဖြေရှင်းနိုင်ပါဘူး”

အထက်ပါစကားကို ပြောလိုက်သူမှာ ပြင်သစ်နိုင်ငံဖွား ကိုရင်း ဗီဂွယ်ဖြစ်သည်။ သူသည် TomTom ဟု အမည်ပေးထားသည့် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုတွင် မန်နေဂျင်းဒါရိုက်တာ တာဝန်ယူထားရသူ တစ်ဦးလည်းဖြစ်သည်။ 

၁၉၉၄ ခုနှစ်တွင် သူသည် TomTom ကုမ္ပဏီကို စတင် ဝင်ရောက်ခဲ့သည်။ ကုမ္ပဏီ၏ အရေးပါသော တတိယမြောက်အဖွဲ့ဝင် တစ်ဦးဖြစ်လာပြီး လုပ်ငန်းရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူဖြစ်လာသည်။ TomTom သည် ယခုအခါ ခရီးဆောင်လမ်းညွှန်ပစ္စည်းများကို ထုတ်လုပ်နေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်လာပြီး ဈေးကွက်တွင် ထိပ်ဆုံးက ဦးဆောင်နေသည်။ သူတို့ကုမ္ပဏီကို ၂၀ဝ၅ ခုနှစ် တွင် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ပြီး ၂၀ဝ၆ ခုနှစ်တွင် ဝင်ငွေကလည်း စတာလင်ပေါင် ၁၃၆၄ သန်းအထိ တိုးတက်မြင့်မားသွားခဲ့သည်။ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် လုပ်ငန်းခွဲများ ထူထောင်ထားပြီး ကမ္ဘာတစ်ဝန်းလုံး၌ ရုံးပေါင်း ၁၇ ခု ဖွင့်လှစ်ထားကာ ဝန်ထမ်းပေါင်း ၈၀ဝ ကျော် စုစည်းထားပြီး အောင်မြင်နေသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်နေသည်။

“ကျွန်မမှာ အီလက်ထရွန်နစ်ဆိုင်ရာ လုပ်ငန်းနဲ့ပတ်သက်ပြီး ၂၅ နှစ်ကနေ နှစ် ၃၀ လောက်အထိ အတွေ့အကြုံရှိတယ်။ ဗြိတိန်မှာ Psion ဆိုတဲ့အမည်နဲ့ မိုဘိုင်းလ် လက်ဆွဲ ကွန်ပျူတာတွေကို ထုတ်လုပ်တဲ့လုပ်ငန်းကို စလုပ်တယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ ဖြန့်ချိနိုင်တဲ့အထိ ကြိုးစား လုပ်ဆောင်ခဲ့ရတယ်။ ၁၉၉၄ မှာ ကျွန်မ နယ်သာလန်ကို လာတယ်။ Palmtop ဆော့ဖ်ဝဲကုမ္ပဏီနဲ့ ပူးပေါင်းတယ်။ အဲဒီကနေ TomTom ဆိုပြီး ဖြစ်လာတာပဲ။ ကျွန်မတို့ စတင်ပြီးတော့ လုပ်တာက မီတာဖတ်တဲ့ ဆော့ဖ်ဝဲတွေ။ နောက်မှ PDA (personal digital assistant)ပစ္စည်းတွေကို တီထွင်တဲ့အလုပ်တွေ လုပ်ရတယ်။ ၂၀ဝ၄ ခုနှစ်မှာ နေရာညွှန်းတဲ့ လမ်းညွှန်ပစ္စည်းတွေ စထုတ်တယ်။ တစ်နှစ်ကို ယူရို သန်း ၄၀ လောက် အကျိုးအမြတ် ရှိလာတယ်။ ငါးနှစ်အတွင်း ယူရို ၁ ဒသမ ၈ ဘီလီယံလောက် ဖြစ်သွားတယ်။ ၂၀ဝ၅ ခုနှစ်ကျတော့ အမ်စတာဒမ် စတော့ရှယ်ယာ ဈေးကွက်မှာဝင်လာတယ်။ Google က သူ့ဆီကနေ နည်းပညာတွေကို အခမဲ့ပေးနေတော့ ကျွန်မတို့ စီးပွားရေး ထိခိုက်ခဲ့ရတယ်။ ခုဆိုရင် စီးပွားရေးကိုပြန်ပြီးတော့ ရုန်းကန်နေရတဲ့ အနေအထားဖြစ်နေပြီ”ဟု ဗီဂွယ်ကဆိုသည်။

“ကျွန်မတို့မှာ ယုံကြည်ချက်တွေရှိတယ်။ ကျွန်မတို့ဟာ စွန့်ဦးတီထွင်ခဲ့သူတွေဆိုတော့ အခက်အခဲတွေ အန္တရာယ်တွေကို ကြုံတွေ့ရမှာပဲ။ ဒါပေမဲ့ ကျွန်မတို့က ထိုင်ပြီးတော့ ခွဲခြမ်းစိတ်ဖြာနေဖို့ အချိန် မရှိဘူး။ လူတွေအတွက် အသစ်အဆန်းတွေ ထပ်ထုတ်ရမယ်။ ဒါဟာ ကျွန်မတို့အတွက်တော့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပဲ။ စားသုံးသူတွေ လိုအပ်တဲ့ပစ္စည်းအသစ်တွေကို သူတို့လက်ထဲ ထည့်ပေးရမယ်။ ဈေးကွက်အသစ် ဖန်တီးရမယ်။ ဥရောပမှာရှိနေတဲ့ လက်လီရောင်းသမားတွေက အစပိုင်းမှာတော့ သံသယရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ နောက်ပိုင်း ကျွန်မတို့ တီထွင်မှုတွေအပေါ် ပြန်ပြီး ယုံကြည်မှု ရှိလာနိုင်ပါတယ်”

နောက်ပိုင်းတွင် TomTom ထုတ် ပစ္စည်းများကို အော်ဒါတစ်သိန်း မှာယူလာကြသည်။ သူတို့ သုံးလအတွင်း ဈေးကွက်တွင် ဖြန့်နိုင်ခဲ့ကြသည်။ 

TomTom ကုမ္ပဏီ၏ အောင်မြင်မှုသည် ဗီဂွယ်ကြောင့်ဖြစ်သည်။ သူက လုပ်ငန်းကို စတင်ကတည်းက လူမှန်နေရာတွေ ရွေးချယ်ပြီး နေရာပေးသည်။ 

“ကျွန်မတို့က အကောင်းဆုံး လူတွေကိုပဲ ခေါ်ခန့်တယ်။ ကျွန်မတို့ထက် တော်တဲ့သူတွေကို ခန့်တာ။ ဒါဟာ လုပ်ငန်းမှာ အရေးကြီးတယ်။ လူတွေက သူတို့ထက်တော်တဲ့သူတွေ ရှိနေတယ်ဆိုတော့ မကြောက်တော့ဘူး။ သူတို့ပိုကောင်းအောင် လုပ်ဖို့ ကြိုးစားကြတော့တယ်”

သူတို့ ကုမ္ပဏီတွင် လက်ဆွဲ ကွန်ပျူတာတွေကို ထုတ်သည့် ၁၉၉၁ ခုနှစ်လောက်ကတည်းက အမ်စတာဒမ် တက္ကသိုလ်မှ ဘွဲ့ရ နှစ်ဦးဖြစ်သည့် ပီတာဖရန့်စ်ပေါလ်ဝဲနှင့် ပီတာဂီလန်တို့ကို လုပ်ငန်းခွင်သို့ခေါ်ကာ နေရာပေးထားသည်။ သူတို့က ကွန်ပျူတာများအတွက် ဆော့ဖ်ဝဲများကို ဖန်တီးရသည်။ ဗီဂွယ် ကုမ္ပဏီသို့ ရောက်လာပြီးနောက် အလွန်တော်သော ဟာရိုး ဂေါ့ဒင်ဆိုသူကိုလည်း သူတို့ ရလိုက်ပြန်သည်။ ဟာရိုးသည် ၂၀ဝ၁ ခုနှစ်အထိ Psion တွင် CEO အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ မကြာမီ Psion မှ CEO ဖြစ်သူ မာ့ခ် ဂရက်တန်လည်း ရောက်လာပြန်သည်။

လူကောင်းတွေ အားလုံးစုံသည့်အခါတွင် TomTom ကို ကောက်လုပ်ကြသည်။ ချက်ချင်း အောင်မြင်သည့် အမှတ်တံဆိပ်တစ်ခု ဖြစ်လာသော်လည်း သူတို့ကြိုးစားအားထုတ်ခဲ့ရသည်မှာ အလွယ်တော့ မဟုတ်ပေ။ သူတို့ ကိုယ်စီ အခက်အခဲတွေ ရင်ဆိုင်ခဲ့ပြီးမှ အောင်မြင်မှု ရလာခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ကို တိုက်ခိုက်နေတဲ့လူတွေ အများကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ ခုဆိုရင် တကယ့် လုပ်ငန်းရှင်ကြီးတွေ ဖြစ်နေသူ တွေပေါ့။ ဒါပေမဲ့ ကျွန်မတို့ဟာ စွန့်ဦးတီထွင်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ကြိုးစားပြီး ကိုယ့်ဈေးကွက်မှာ ဦးဆောင်တဲ့နေရာရောက်အောင် တက်လှမ်းလာခဲ့ပါတယ်”ဟု ဗီဂွယ်က ပြောပြသည်။ 

သူတို့ကုမ္ပဏီတွင် ယနေ့အထိ လူဟောင်းတွေကိုမြဲအောင် ဆက်ထိန်းထားပြီး လည်ပတ်နိုင်အောင် ကြိုးစားနေခြင်းက အောင်မြင်မှုကို ဖြစ်စေခဲ့သည်။

“ကျွန်မတို့ မရပ်မနား ပြေးနေကြတယ်။ လူတိုင်း ငါတို့လည်း လိုက်ပြီးတော့ ပြေးမှဆိုတဲ့ အနေအထားမျိုး ရောက်အောင်လုပ်တယ်။ လူမှန် နေရာမှန် ဖြစ်နေဖို့ပဲ အရေးကြီးတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ မန်နေဂျာတွေလောက်နီးနီး တော်အောင် ကြိုးစားတယ်။ သူများအောင်မြင်သူတွေလို လိုက်ပြီးတော့ အပြင်းအထန် ကြိုးစားလိုက်လုပ်နိုင်အောင်ကို လုပ်ကြတယ်။ လိုတဲ့နေရာ ဖြည့်တယ်”

သူ့ကို အမျိုးသမီးများအတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်လာစေရန် အားပေးစကား ပြောခိုင်းရာ -

“ကိုယ့်ရှေ့မှာ အမျိုးသမီး အောင်မြင်နေသူတွေ အများကြီး ရှိပါတယ်။ သူတို့ ကြိုးစားလုပ်ကိုင်နေတာတွေကို ပျော်ပျော်ပါးပါး လေ့လာသင်ယူလိုက်ကြပါ။ အမျိုးသမီးတွေ ကလေးတွေချည်း ထိန်းမနေကြပါနဲ့။ ကိုယ့်လုပ်ငန်းတွေကို ကိုယ်တိုင် ဦးဆောင်နေကြတဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ပြဿနာတိုင်းမှာ အဖြေရှိတယ်။ တစ်ဖက်သတ်အမြင်က ပြဿနာအားလုံးကို မဖြေရှင်းနိုင်ပါဘူး”ဟုဆိုသည်။

  • TAGS