News

POST TYPE

TIP

စိတ်ဖိစီးမှု လျော့ပါးစေမယ့် နည်းလမ်းကောင်းများ
30-Aug-2017 tagged as


လူတိုင်း၊ လူတိုင်းဟာ မတူညီတဲ့ ဘဝရှင်သန်ရပ်တည်မှုတွေအတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေကြရတာပါ။ တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်တဲ့ အချိန်မှာတော့ ဘဝက နေပျော်စရာ ကောင်းပေမယ့် မဖြေရှင်းနိုင်တဲ့ အချိန်မှာတော့ စိတ်ဓာတ်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေ ဝင်လာတတ်ကြပါတယ်။ လုပ်ငန်းခွင်မှာ၊ မိသားစုတွင်းမှာ၊ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ပုံစံမျိုးစုံနဲ့ ကြုံတွေ့ရနိုင်တဲ့ စိတ်ဖိစီးမှုတွေကိုလျော့ပါးစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

(၁) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ -  နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုလုပ်ခြင်းက ကိုယ်ရောစိတ်ပါ ပေါ့ပါးရွှင်လန်း တက်ကြွစေပါတယ်။ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းနေရင်တော့ စိတ်အလိုမကျမှုတွေ၊ စိတ်ဖိစီးမှုတွေ ဝင်ရောက်လာဖို့ ပိုမိုလွယ်ကူပြီး ဘဝကလည်း နေပျော်စရာ ကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခုခုကို တစ်ပတ်ကို သုံးကြိမ်၊ တစ်ကြိမ်ကို မိနစ် ၃၀ လောက်အချိန်ပေးပြီး လုပ်သင့်ပါတယ်။ အမြဲတမ်း လန်းဆန်းတက်ကြွနေမယ်ဆိုရင် တစ်နေ့တာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ရင်ဆိုင်ဖို့လည်း အဆင်သင့်ဖြစ်နေမှာပါ။

(၂) ကြွက်သားတွေကို ဖြေလျှော့ပေးပါ - လုပ်ငန်းခွင်မှာ တစ်နေ့တာလုံး ဖြတ်သန်းပြီးတဲ့အခါမှာတော့ အိမ်ပြန်ရောက်တဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေက တောင့်တင်းနေပြီး နေရထိုင်ရတာလည်း ပေါ့ပါးမှု မရှိတော့ပါဘူး။ ဒါကြောင့် တစ်နေ့လုံး အလုပ်ပေးထားတဲ့ ကြွက်သားတွေကို ပြန်လည် ဖြေလျှော့ပေးရပါမယ်။ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားအောင် ခါးဆန့်တာမျိုး၊ အနှိပ်ခံတာမျိုး လုပ်နိုင်သလို ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာမျိုးကလည်း ခန္ဓာကိုယ်ကို ပြန်လည် လန်းဆန်းသွားစေပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့တာလုံး ပင်ပန်းခဲ့ရသမျှအတွက် အိပ်ရေးဝဝ အိပ်ပြီး နောက်တစ်နေ့အတွက် အားအင်သစ်တွေ မွေးလိုက်တာက အကောင်းဆုံးပါပဲ။ 

(၃) အသက်ပြင်းပြင်းရှူပါ - လူတစ်ယောက်က စိတ်ဖိစီးမှုတွေ ရှိလာပြီဆိုရင် အသက်ရှူရတာကအစ ပေါ့ပါးမှုမရှိတော့ဘဲ မွန်းကျပ်နေတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ကိုယ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေ အားလုံးကို ခဏမေ့ထားပြီး အသက်ရှူ လေ့ကျင့်ခန်းလေး လုပ်ခြင်းကလည်း စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားစေနိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိရပါလိမ့်မယ်။ လက်နှစ်ဖက်ကို ပေါင်ပေါ်မှာတင်၊ မျက်လုံးကိုမှိတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် အေးချမ်းသာယာတဲ့ နေရာလေး တစ်ခုကို ရောက်နေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ဥပမာ- လယ်ကွင်းစိမ်းစိမ်းထဲမှာ၊ မြက်ခင်းပြင်ကျယ်ကြီးတစ်ခုမှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ပြီးရင်တော့ ငါးမိနစ် (သို့မဟုတ်) ၁၀ မိနစ်လောက် အသက်ကို ခပ်ပြင်းပြင်းလေး ရှူကြည့်ပါ။ စိတ်ထဲမှာ မွန်းကျပ်နေတာတွေ အားလုံး အနည်းငယ် ပြေလျော့သွားပါလိမ့်မယ်။    

(၄) အစားကောင်းကောင်းစားပါ - စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်တွေ ကျဆင်းနေတဲ့အချိန်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ စားကောင်းသောက်ဖွယ်လေးတွေ စားလိုက်ရတာကလည်း စိတ်ဖိစီးမှုတွေကို အနည်းငယ် လျော့ပါးစေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ စားကောင်းသောက်ဖွယ်တွေကို စားသုံးဖို့တော့ လိုပါလိမ့်မယ်။ တစ်နေ့တာကို အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ခန္ဓာကိုယ်မှာ အာဟာရဓာတ် ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ အစားကို ပုံမှန်မစားတာမျိုး၊ အလုပ်ကို အကြောင်းပြပြီး အစားစားချိန် ကျော်သွားတာမျိုးက လူတစ်ယောက်ကို စိတ်အလိုမကျမှုတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ် အပြည့်အဝ ရရှိအောင်တော့ ဂရုစိုက်ပြီး စားသောက်သင့်ပါတယ်။ 

Ref : www.webmd.com

  • TAGS