News

POST TYPE

TIP

အောင်မြင်မှုကိုတည်ဆောက်နေသူ ဆာဒေးဗစ်တန် (Sir David Tang)
27-Aug-2017 tagged as


“လုပ်ငန်းတစ်ခုလုပ်ရာမှာ အောင်မြင်မှုကို ဆက်လက် ထိန်းထားနိုင်မှ တကယ်အောင်မြင်တယ်လို့ခေါ်တာ”

လုပ်ငန်းတစ်ခုကို သူများတွေက ဘယ်က စတင်ရမှန်းမသိ ဖြစ်နေချိန်တွင် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်နေသူ ဒေးဗစ်တန်တစ်ယောက်ကတော့ ဘယ်ကစပြီး ရပ်ရမှန်းမသိနိုင်လောက်အောင် ဖြစ်နေသည်ဟုဆိုသည်။

ဟောင်ကောင်တွင်မွေးဖွားပြီး ဗြိတိန်တွင် လာရောက် ပညာသင်ကြားခဲ့သည်။ လန်ဒန်နှင့်ဘေဂျင်းကို ပြေးလွှားနေသည့် တန်တစ်ယောက် ဗြိတိန်မှ ဒဿနိကဗေဒဘွဲ့ကို ရရှိခဲ့သည်။ဗြိတိန်ကပေးအပ်သည့် OBE ဘွဲ့ကို ရသလို၊ ပြင်သစ်အစိုးရက ပေးအပ်ချီးမြှင့်သည့် Chevalier of the Ordre des Arts et des Lettres ဘွဲ့ကိုလည်း လက်ခံရရှိခဲ့သည်။

သူသည် ပီကင်းတက္ကသိုလ်တွင် ဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သေးသည်။ ဟောင်ကောင်နှင့် လန်ဒန်တို့တွင်လည်း တရားရုံး ရှေ့နေအဖြစ် လုပ်ခဲ့သေးသည်။ ဟောင်ကောင် Swires နှင့် လန်ဒန်နှင့် ဟောင်ကောင်ရှိ Cluff Oil ကုမ္ပဏီတို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ 

သူသည် လက်ရှိတွင် ကုမ္ပဏီပေါင်း ၁၅ ခုခန့်တွင် ဒါရိုက်တာ၊ ဥက္ကဋ္ဌ၊ တည်ထောင်သူ ဖြစ်နေသည့်အပြင် အကြံပေးဘုတ်အဖွဲ့ ခြောက်ခုတွင်လည်း တာဝန်ယူထားရသည်။ ဗြိတိန်၊ ဟောင်ကောင် သာမက အမေရိကအထိ သူ တာဝန်ယူပြီး လုပ်ဆောင်ပေးနေရသည့် လုပ်ငန်းပေါင်း များစွာရှိသည်။ ထို့ပြင် ကမ္ဘာ့မရှိ ဆင်းရဲသားများကို လှူဒါန်းသည့် အဖွဲ့အစည်းပေါင်း ၂၄ ခုတွင်လည်း သူက ပါဝင်ပတ်သက်နေသည်။ ဟောင်ကောင် Philharmonic Orchestra အဖွဲ့တွင် စန္ဒရားတီးပြီး Roald Dahl ၏ နာမည်ကျော်စာအုပ် (Charlie and the Chocolate Factory) စာအုပ်ကို တရုတ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

တန်က သူ၏အစားအသောက်အပေါ် စိတ်ဝင်စားမှုသည် လွန်ခဲ့သော ၁၅ နှစ်က China Club ကို ဟောင်ကောင်တွင် ပထမဆုံး ထူထောင်ဖြစ်စေခဲ့သည်ဟု ဆိုသည်။ သူက တရုတ်၏ ကြည်နူးဖွယ် ကောင်းသည့် အလေ့အထများကို ဗြိတိန်သို့ ယူဆောင်လာပေးရန် စိတ်ကူးရခဲ့သည်။ ကံတရားသည် သူ့ဘက်တွင် ရှိနေသည်ဟု ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကို တရုတ်ပြည်သို့ ဗြိတိန်က ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည်။ သူထူထောင်ထားသည့် ကလပ်အနေနှင့် စီးပွားရေးအခွင့်အလမ်း တွေ အပြည့်ဖြစ်လာသည်။
အရှေ့နှင့်အနောက်ကို ပေါင်းစည်းချိန်တွင် သူက ကလပ်သို့လာသည့် အရှေ့တိုင်း၊ အနောက်တိုင်း သူဌေးကြီးများနှင့် ဖောက်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုနှင့် ပြုစုပေးပြီး အခွင့်ကောင်းယူရန် ဖြစ်လာစေခဲ့သည်။ ဟောင်ကောင်သည် အခွင့်အလမ်းကောင်း နေရာတစ်နေရာ ဖြစ်လာသည်ဆိုသော်လည်း အလွယ်တကူနှင့် အောင်မြင်ခဲ့သည်တော့ မဟုတ်ပေ။

“ကျွန်တော့်အတွက်တော့ လုပ်ငန်းက အသစ်အဆန်းပဲ။ ကျွန်တော့်မှာ ဘာလုပ်ငန်း အတွေ့အကြုံမှ မရှိဘူးဆိုတာ ဝန်ခံပါတယ်”ဟု သူကဆိုသည်။

တန်သည် အဘိုးဖြစ်သူ၏ ရှေ့နေလုပ်ငန်းကို လွှဲပြောင်းယူပြီး စတင်ခဲ့သည်။ သို့သော် သူ၏ဖခင်လုပ်ငန်းဖြစ်သည့် Swire Pacific Limited က သူ့ကို ပိုပြီး မျက်စိကျစေသည်။ နောက်ပိုင်း ဟောင်ကောင်၊ ပီကင်းနှင့် စင်ကာပူတို့တွင် China Club များကို တစ်ခုပြီးတစ်ခု လိုက်လံ ထူထောင်တော့သည်။ Shanghai Tang စတိုးဆိုင်များ၏ပိုင်ရှင်ကလည်း သူပင်ဖြစ်သည်။

“အားလုံး ရိုးရိုးလေး ထူထောင်ခဲ့တာပါ။ ဘာသာရေးကို ယုံတယ်။ အရှုံးအမြတ် တွက်တယ်။ စာရင်းဇယား လုပ်တယ်။ ငွေလှည့်ပတ် စီးဆင်းနိုင်အောင် စီစဉ်ပေးတယ်။ ငွေလည်ပတ်စီးဆင်းမှုမှန်ပြီ၊ လုပ်ငန်းကလည်း အခြေကျပြီဆိုရင် ပုံမှန်ဖြစ်သွားပြီ”

သူ၏သဘောထားက ဘယ်တော့မှမပြောင်း။ ယနေ့တိုင် တစ်သမတ်တည်း ထားခဲ့သည်မှာ လုပ်ငန်းတစ်ခုတွင် ငွေလှည့်ပတ်စီးဆင်းနိုင်မှုသည်သာ အခရာဖြစ်သည်။ သူက (Cash flow is king) ဟု တစ်သမတ်တည်း ပြောဆိုခဲ့သူဖြစ်သည်။ 

သို့သော် တန်သည် စားသောက်ကုန် လုပ်ငန်းကိုလည်း ရပ်ခဲ့သူမဟုတ်။ သူက ဆေးပြင်းလိပ်လည်း ရောင်းသည်။ သူက ဆေးပြင်းလိပ်ကို မြတ်နိုးသူဖြစ်သည်။

“အာရှမှာ ကျူးဘားက ဆေးပြင်းလိပ်ကို ရောင်းချဖို့ အခွင့်အရေးရသူ နှစ်ယောက်ပဲ ရှိတယ်။ သူတို့မှာ ဆိုင်တွေ ကိုယ်စီရှိကြတယ်။ ကျွန်တော်က သူတို့ကို သာအောင်လုပ်နိုင်ရမယ်လို့ ယုံကြည်တယ်။ သူတို့ ဆေးပြင်းလိပ်တွေကို ရောင်းနေကြတာ ဘယ်လိုသဘောနဲ့ ရောင်းနေတယ်တော့ မသိဘူး။ ကျွန်တော်က ဆေးပြင်းလိပ် ရောင်းတယ်ဆိုတာ ဘဝစတိုင်တစ်ခုကို ရောင်းနေတာလို့ မြင်တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော် သွားတွေ့ပြီး ကျွန်တော့်ကို ရောင်းခွင့်ပေးမလားလို့ သွားပြောကြည့်တယ်။ ကျွန်တော့်ကို လှေကားအောက် ကန်ချလိုက်တယ်။ ဒါကြောင့် ကျွန်တော်ကျူးဘားကို ထွက်လာပြီးတော့ ကျွန်တော့်ကို ဆေးပြင်းလိပ် ရောင်းချခွင့်ပေးဖို့ ပိုင်ရှင်ကို လာပြောကြည့်တယ်။ အံ့ဩစရာ ကောင်းလောက်အောင်ပဲ သူတို့က ကျွန်တော့်ကမ်းလှမ်းချက်ကို လက်ခံပြီးကျူးဘားနဲ့ ကျွန်တော် အာရှမှာ ဆေးပြင်းလိပ်ရောင်းချခွင့် ၁၀ နှစ်စာချုပ် ချုပ်နိုင်ခဲ့တယ်”

တန်သည် ကျူးဘားဆေးပြင်းလိပ်ကို ရောင်းချခွင့် ရခဲ့ပြီးနောက် ဆေးပြင်းလိပ်သောက်သူများကလပ်ကို ဖွင့်ခဲ့ရာတွင်လည်း အောင်မြင်မှုများ ဆက်ပြီး ရရှိခဲ့ပြန်သည်။ စတုရန်းပေ ၃၀ဝ ခန့်သာရှိသည့် ထိုကလပ် အခန်းလေးက နှစ်စဉ် သူ့ကို ဒေါ်လာ ၃ သန်းကျော် ရှာပေးနေသည့် နေရာလေး ဖြစ်လာသည်။ ယခုတော့ တန်တစ်ယောက် Pacific Ciger Co. ၏ ဥက္ကဋ္ဌနေရာကိုပင် ရောက်ရှိလာခဲ့ပြီး ကျူးဘားဆေးပြင်းလိပ်များကို ကနေဒါနှင့် အာရှ၊ ပစိဖိတ်ဒေသများသို့ ဖြန့်ချိသည့် ဈေးကွက်ကြီး တစ်ခုလုံးကိုပါ ထိန်းချုပ်ခွင့်ရသူ ဖြစ်လာခဲ့ရသည်။ သူက ဆေးပြင်းလိပ်ကို ဖွာလိုက်ရင်းက -

“စီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်ဆောင်ရာမှာ အောင်မြင်မှုကို ဆက်ပြီးတော့ ထိန်းထားနိုင်မှ အောင်မြင်တယ်လို့ ပြောနိုင်တယ်။ ကျွန်တော့်လုပ်ငန်းတွေမှာလည်း ကျွန်တော်သေတဲ့အထိ အောင်မြင်တယ်လို့ ပြောနေရအောင် လုပ်သွားမယ်”ဟု ဆိုလိုက်သည်။

  • TAGS