News

POST TYPE

TIP

နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်မယ့် နည်းလမ်းကောင်းများ
16-Aug-2017 tagged as ကျန်းမာရေး


လူတစ်ယောက်က တစ်နေ့တာလုံး ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခဲ့ရသမျှကို ညအချိန်အခါမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူခြင်းနဲ့ ပြန်လည် ဖြေဖျောက်နိုင်ပါတယ်။ နေ့သစ်တစ်နေ့ကို ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်း တက်ကြွစွာနဲ့ ထပ်မံ ကြိုဆိုနိုင်ဖို့အတွက် ညအချိန်အခါမှာ ကောင်းမွန်စွာ အိပ်စက် အနားယူထားဖို့တော့ လိုပါလိမ့်မယ်။ လူတစ်ယောက်အတွက် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ရှစ်နာရီလောက် ရှိသင့်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူနိုင်ဖို့အတွက် ဂရုပြုသင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။

၁။ အိပ်ရာဝင်ချိန် အိပ်ရာထချိန် ပုံမှန်ဖြစ်ပါစေ

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့ရတဲ့အတွက် လူတော်တော်များများက ညဘက် အိမ်ပြန်ရောက်တာနဲ့ ကိုယ်ရောစိတ်ပါ အနားပေးချင်ကြပါတယ်။ အဲဒါကြောင့် တချို့က အိပ်ရာ စောစောဝင်ကြတာမျိုးတွေ ရှိတတ်ကြပါတယ်။ တချို့ကတော့ အားလပ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေလို နေ့မျိုးမှာတော့ ပုံမှန်ထက် အိပ်ရာဝင် နောက်ကျတာမျိုး၊ အိပ်ရာထ နောက်ကျတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ အမှန်တော့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေ လည်ပတ်မှု မှန်ကန်ဖို့အတွက် အိပ်ရာဝင်ချိန်နဲ့ အိပ်ရာ ထချိန်ကို အချိန်တစ်ခု သေချာ သတ်မှတ်ထားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အိပ်ချိန် ရောက်နေပေမယ့် မျက်လုံးကြောင်ပြီး အိပ်မရတာမျိုး၊ ညလယ်ပိုင်းမှာ တရေးနိုးနေတာမျိုးမဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပါ။

၂။ နေ့လယ်ပိုင်းမှာ တစ်ရေးအိပ်ခြင်း ရှောင်ကြဉ်ပါ

အလုပ်တာဝန် သိပ်မများတဲ့သူမျိုးတွေနဲ့ တချို့တွေကတော့ စနေ၊ တနင်္ဂနွေလို အားလပ်တဲ့ရက်မျိုးတွေမှာ နေ့ခင်း၊ နေ့လယ်ပိုင်းဆို တစ်ရေးတစ်မော အိပ်တတ်ကြပါတယ်။ အိပ်စက် အနားယူခြင်းကြောင့် ကုန်ခန်းသွားတဲ့ စွမ်းအင်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ဖြည့်ဆည်းပေးနိုင်ပေမယ့် ညဘက် အိပ်စက် အနားယူချိန်ရောက်ရင်တော့ အခက် တွေ့တတ်ပါတယ်။ ညဘက် ရောက်တဲ့အခါမှာ အိပ်လို့ မပျော်တာမျိုး ဖြစ်တတ်ရင်တော့ နေ့ခင်း နေ့လယ်ပိုင်းမှာ တစ်ရေးတစ်မော အိပ်တာမျိုးကို ရှောင်ကြဉ်တာက ပိုကောင်းပါတယ်။ ဒါမှသာ ညဘက်အိပ်ချိန်မှာ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူနိုင်မှာပါ။

၃။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတစ်ယောက်က တစ်နေ့ကို ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်မျိုးမျိုးတော့ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် စိတ်ရောကိုယ်ပါ လန်းဆန်းပေါ့ပါးပြီး ဖျတ်လတ်တက်ကြွစေပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ ကိုယ်လက် လေ့ကျင့်ခန်း တစ်ခုခုကို ပုံမှန်လုပ်ခြင်းအားဖြင့် ညဘက် အိပ်ချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုထဲက အချိန်ပမာဏ တစ်ခုကို ကိုယ်လက်လေ့ကျင့်ခန်းတစ်ခု လုပ်ဖို့အတွက် ပေးသင့်ပါတယ်။ 

၎။ ကိုယ့်ရဲ့အိပ်ခန်းကို သေချာပြင်ဆင်ပါ

ကိုယ် အိပ်စက်အနားယူမယ့် အခန်းက ကိုယ့်အတွက် နေပျော်စရာဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့ရသမျှတွေကို ဒီအိပ်ခန်းထဲမှာပဲ အိပ်စက် အနားယူခြင်းဖြင့် ဖြေဖျောက်ရမှာပါ။ ကိုယ့်ရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်မယ့် ဆူညံသံတွေနဲ့ ကင်းဝေးရာနေရာလည်း ဖြစ်ရပါမယ်။ ကိုယ်အိပ်မယ့်မွေ့ရာနဲ့ ခေါင်းအုံးကလည်း ကိုယ့်အတွက် သက်သောင့်သက်သာ ဖြစ်မယ့်ဟာမျိုးကို ရွေးချယ်ပါ။ မွေ့ရာနဲ့ ခေါင်းအုံးက ပျော့လွန်း၊ မာလွန်းတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ 

Source : www.sleepfoundation.com