News

POST TYPE

REGIONAL

မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများအရေး အစိုးရ ကူညီမည်
06-Jul-2017


နေပြည်တော်၊ ဇူလိုင် ၅

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာ အလုပ်သမားများ ပြန်လည် လွတ်မြောက်ရေးနှင့် တရားဝင် လုပ်ကိုင်ခွင့် ရရှိရေးအတွက် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ပတ်သက်၍ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန  အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဖမ်းဆီးခံရသူများမှာ တရားဝင် လုပ်သားဖြစ်စေ၊ တရားမဝင် သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားဖြစ်စေ မြန်မာ အစိုးရအနေနှင့်  ကူညီဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“အခု သူတို့  ဘယ်သူတွေ ဘယ်ရောက်နေသလဲဆိုတာကို မေးနေပါတယ်၊ ဖမ်းခံရတာ ဘယ်သူတွေလဲ စာရင်း တောင်းနေတယ် e- Card လုပ်ပေးဖို့ ဆောင်ရွက်နေတယ်၊ သက်ဆိုင်ရာကိုမေးနေပါတယ်၊ သူ့နိုင်ငံမှာ သူ့ဥပဒေအတိုင်း ဆောင်ရွက်ရပါမယ်” ဟု  ဦးသိန်းဆွေက ရှင်းပြသည်။ 
လက်ရှိတွင် e- Card လာရောက်လျှောက်ထားခြင်းမရှိသည့်  မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက်မှ တရားမဝင် မြန်မာအလုပ်သမား ၁၀၂ ဦး  ဖမ်းဆီးခံခဲ့ရသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
 
မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို (e- Card) ထုတ်ပေးခဲ့ရာ ဖေဖော်ဝါရီလမှ ဇွန် ၃၀ ရက်နေ့အထိ လျှောက်ထားသူ ၁၆၁၀၅၆ ဦးအနက် ၁၄၅၅၇၁ ဦးကို ထုတ်ပေးခဲ့ရာတွင် မြန်မာ အလုပ်သမား ၄၈၂၀ဦး ပါဝင်ခဲ့ကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား ငါးသိန်းကျော် သွားရောက် လုပ်ကိုင်လျက်ရှိရာ တရားဝင် သွားရောက် လုပ်ကိုင်သူ ၉၇၈၀ဝ  ခန့်သာ ရှိပြီး တရားမဝင် သွားရောက် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား သုံးသိန်းနီးပါးခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

J-18

  • VIA