POST TYPE

REGIONAL

မြန်မာကုန်သည်များ၏ ဘဏ်စာရင်း ၁၀ဝ၀ ကျော်ကို တရုတ်အစိုးရပိတ်၊ မူဆယ်နယ်စပ် ကုန်စည်ဈေးကွက်ရပ်တန့်
18-Jun-2017 tagged as

ရန်ကုန်၊ ဇွန် ၁၈

တရုတ်နိုင်ငံအစိုးရသည် မြန်မာကုန်သည်များ အသုံးပြုနေသည့် ဘဏ်စာရင်း (Bank Account) ၁၀ဝ၀ ကျော်ကို ပိတ်ပင်လိုက်သည့်အတွက် ကျပ်သိန်းပေါင်း သိန်းနှင့်ချီ၍ နစ်နာဆုံးရှုံးရကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်အစိုးရက မြန်မာနှင့် ဗီယက်နမ်နိုင်ငံများမှ ဆန်များကို မှောင်ခိုပြုလုပ်နေသည့် ဆန်မှောင်ခိုဂိုဏ်းများကို ဖြိုခွင်းမှုများ ပြုလုပ်နေရာမှ ယခုအခါ မြန်မာကုန်သည်များ အသုံးပြုနေသည့် ဘဏ်အကောင့်များကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“အခုတော့ မူဆယ်နယ်စပ် ကုန်သွယ်ရေးက ရပ်နေပြီပေါ့။ ကျွန်တော်တို့ ဘဏ်အကောင့်တွေကိုလည်း ပိတ်လိုက်ပါပြီ။ ဘဏ်အကောင့်က ၁၀ဝ၀ ကျော်ဆိုတော့ ကုန်သည်တစ်ဦးကို ၁၀ သိန်းလည်း ဖြစ်နိုင်သလို အဲဒီထက်လည်း များနိုင်တာဆိုတော့ ကျွန်တော်ထင်တယ် ကျပ်သိန်းပေါင်း တော်တော်များမယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ အပါအဝင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးသို့ပါ ဖြေရှင်းပေးရန် စာပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဇွန်လ ၁၅ ရက်နေ့က ပိတ်ချလိုက်တာပါ။ သူတို့ကတော့ သူတို့နိုင်ငံထဲကို တရားမဝင် ကုန်တွေပို့နေပြီး ပြစ်မှု ကျူးလွန်တဲ့ အကောင့်တွေကို ပိတ်တာလို့ ပြောတာပါပဲ။ လက်နက်ခဲယမ်းမီးကျောက် ရောင်းဝယ်သူတွေလည်း ပါမယ်လို့ယူဆရပါတယ်။ ကျွန်တော်တို့ဘက်ခြမ်းကနေ တရားဝင်လုပ်နေတဲ့ ကုန်သည်ကတော့ ၃၀ဝ နီးနီးလောက်ပါတယ်လို့ ကျွန်တော်တို့ သိထားပါတယ်”ဟု မူဆယ်ကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က ပြောကြားသည်။

ယင်းသို့ ဘဏ်အကောင့်များ ပိတ်ခံရသည်မှာ သုံးကြိမ်ခန့်ရှိပြီဖြစ်ပြီး ယခင်က အပိတ်ခံရသူ များပြားခြင်းမရှိဘဲ ယခုအကြိမ်တွင် အပိတ်ခံရသူ များပြားသည့်အပြင် ယင်းအကောင့်များအတွင်းရှိ ငွေကြေး ပမာဏမှာလည်း များပြားကြောင်း ကုန်သည်များထံမှ သိရသည်။

ယင်းသို့ ဘဏ်အကောင့်များ ပိတ်ခံရခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ နယ်စပ်ကုန်သွယ်ရေး အသင်းများ ပါဝင်သည့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် အကောင့် ပိတ်ခံထားရသည့် အရေအတွက်နှင့် ငွေကြေး ပမာဏများကို စာရင်းကောက်မှုများ လုပ်ဆောင်နေကြောင်း မူဆယ်ကုန်သည်များအသင်းထံမှ သိရသည်။

ထိုသို့ မူဆယ်နယ်စပ်ကုန်စည် ဈေးကွက် ရပ်တန့်ခြင်းသည် ကုန်သည်နှင့် တောင်သူ လယ်သမားများ ထိခိုက်နစ်နာခြင်းအပြင် တိုင်းပြည်စီးပွားရေးကိုပါ ထိခိုက်လာစေနိုင်သည့်အတွက် အစိုးရအနေနှင့် အမြန်ဆုံး ဖြေရှင်းပေးသင့်ကြောင်း ကုန်သည် အသိုင်းအဝိုင်းက ဆိုသည်။

မူဆယ် ၁၀၅ မိုင်ကုန်စည်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ သကြားနှင့် နှမ်းတို့အပြင် အခြားကုန်စည်များစွာကို တင်ပို့ခြင်းနှင့် တင်သွင်းခြင်းများ ပြုလုပ်နေသည့် ကုန်စည်ဈေးကွက်ကြီးဖြစ်ပြီး မြန်မာ့နယ်စပ် ကုန်သွယ်ရေးစခန်းများရှိ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည်။

မူဆယ်နယ်စပ်မှတစ်ဆင့် ကုန်သွယ်ခြင်းများကို တရုတ်နိုင်ငံက တရားဝင် ခွင့်ပြုထားခြင်းမရှိဘဲ မြန်မာနိုင်ငံကသာ တရားဝင်အနေဖြင့် ကုန်စည်များ တင်ပို့ ရောင်းချနေခြင်းဖြစ်၍ တရုတ်နိုင်ငံက အဖမ်းအဆီးများ မကြာခဏ ပြုလုပ်ခြင်းကို ခံနေရသည်။

လက်ရှိဖြစ်ရပ်သည် တရုတ်နိုင်ငံက မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကွမ်စီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှတစ်ဆင့် ဆန်တန်ချိန် သုံးသိန်း မှောင်ခိုတင်သွင်းခဲ့သည့် ဆန်မှောင်ခို ဂိုဏ်းများကို ဖြိုခွင်းရာမှ တရားခံ ၃၉ ဦးကို ဖမ်းဆီးပြီးနောက် ယခုအခါ မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို ပိတ်ဆို့မှုများ ပြုလုပ်လိုက်ခြင်းဖြစ်သည်။

S-04/ M-04

  • TAGS