News

POST TYPE

REGIONAL

ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည့် ကျွဲ၊ နွားများကို လေလံတင် ရောင်းချမည်
17-Jun-2017 tagged as


သပိတ်ကျင်း၊ ဇွန် ၁၇

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျေးရွာရဲကင်းစခန်းများတွင် သုံးနှစ်အတွင်း ဖမ်းဆီးရမိထားသော ပိုင်ရှင်မဲ့ ကျွဲ၊ နွားများကို ဒေသခံ တောင်သူများ အသုံးပြုနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြကာ ဇွန်လ နောက်ဆုံးအပတ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောသည်။

မြို့နယ်အတွင်း ဝင်ရောက်လာသော တရားမဝင် ကျွဲ၊ နွား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့မှုသည် ၂၀၁၄ ခုနှစ်တွင် နွား ၁၀ ကောင် ဖမ်းဆီးရမိပြီး၂၀၁၅ ခုနှစ်တွင် ကျွဲ ၅ ကောင်၊ နွား ၄၉၉ ကောင်နှင့် ၂၀၁၆ ခုနှစ်တွင် ကျွဲ ၁၀ ကောင်၊ နွား ၆၆ ကောင် စုစုပေါင်း အကောင်ရေ ၅၉၀ အထိရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဇရပ်ကွင်း၊ တွင်းငယ်၊ ကြာညှပ်၊ တကောင်း ကျေးရွာရဲကင်းစခန်းတွင် ဇွန်လဆန်းပိုင်းက လိုက်စစ်ဆေးလိုက်တော့ ကွဲလွဲနေတာက အကောင် ၁၀၀ လောက် ရှိတယ်။ လာမပြသေးတာက အကောင်ရေ ၅၀ ခန့်ရှိမယ်။ သေဆုံးတာက ၅၃ ကောင်၊ ကျန်ရှိတဲ့ ကျွဲ၊ နွားတွေကို လေလံပစ်ပေးဖို့ အခုတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်”ဟု ဆက်လက် ရှင်းပြသည်။

မြို့နယ် လေလံတင် ရောင်းချနိုင်ရေး ကော်မတီ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် အဖွဲ့ဝင် ၉ ဦးဖြင့် ဇွန်လ ၉ ရက်နေ့က ပြန်လည် ဖွဲ့စည်းကာ ပိုင်ရှင်မဲ့ ဖမ်းဆီးထာားသည့် ကျွဲ (၇) ကောင်နှင့် နွား (၃၄၀) ကောင်တို့အား လေလံတင် ရောင်းချသွားမည်ဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် လျှောက်လွှာ ပိတ်မည်ဖြစ်သည်ဟု လေလံတင် ရောင်းချရေး ကော်မတီတာဝန်ရှိသူများက ပြောသည်။

“လေလံတင် ရောင်းချမယ့်နေရာက သက်ဆိုင်ရာ ကျေးရွာ ရဲကင်းနဲ့ ရဲစခန်းတွေမှာ ဇွန်လ ၂၃ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ လေလံ စည်းကမ်းချက်တွေနဲ့အညီ ရောင်းချပေးသွားမယ်”ဟု သပိတ်ကျင်းမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဆွေက ပြောသည်။

ဤသို့ ၃ နှစ်အတွင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည့် ကျွဲ၊ နွားများ လေလံတင်ရောင်းချပေးမည်ဆိုသော်လည်း စာချုပ်စာတမ်းများနှင့် ခိုင်းကျောင်းပေးထားသော ကျွဲ၊နွား အများစုသည် မှန်ကန်မှုမရှိတော့ကြောင်း ဖမ်းဆီးရမိသည့် ကျွဲ၊ နွားများကို ကျေးရွာ ရဲကင်းစခန်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာ ဒေသခံခိုင်းကျောင်းပေးထားသူများသာ ဦးစားပေး ရရှိမည်ဖြစ်ပြီး မိမိတို့ အမှန်တကယ် လုပ်ကိုင်သော တောင်သူများ လေလံဆွဲဝယ်ယူနိုင်ရေးမှာ ခက်ခဲနေမည်ဖြစ်သည်ဟု တွင်းငယ်ကျေးရွာ စိုက်ပျိုးရေး တောင်သူများက တစ်ညီတစ်ညွတ်တည်း ပြောကြားသည်။

R-05

  • TAGS