POST TYPE

REGIONAL

ဆန်မှောင်ခိုဂိုဏ်းများ တရုတ် ဖြိုခွင်းမှုကြောင့် မူဆယ်ဆန်ဈေးကွက် ရပ်ဆိုင်းလုနီးဖြစ်
16-Jun-2017 tagged as ဆန်

ရန်ကုန်၊ ဇွန် ၁၆

တရုတ်နိုင်ငံတွင် ဆန်မှောင်ခိုဂိုဏ်းများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးလျက်ရှိရာ ယင်းသို့ ဖမ်းဆီးမှုကြောင့် တရုတ်သို့ တင်ပို့နေသည့် မူဆယ်ဆန်ဈေးကွက်မှာ အရောင်းအဝယ်မရှိဘဲ ရပ်ဆိုင်းလုနီး ဖြစ်နေသည်ဟု မူဆယ်ဆန်ကုန်သည် အသိုင်းအဝန်းက ဆိုသည်။ 

ဆန်မှောင်ခိုဂိုဏ်းများသည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်များကို  တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကွမ်စီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တစ်ဆင့် ဆန်တန်ချိန် သုံးသိန်း မှောင်ခိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန်မှောင်ခိုဂိုဏ်းများကို ရဲအရာရှိ ၄၀ဝ ကျော် အသုံးပြုခဲ့သည့် ဖြိုခွင်းမှုမှ တရားခံ ၃၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ဆန်မှောင်ခိုမှုသည် ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်မည်ဟု ဆင်ဟွာက ဆိုသည်။

ဆန်မှောင်ခိုဂိုဏ်းများကို ဖမ်းဆီးမှုကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဆန်ဈေးကွက်ရှိ မြန်မာကုန်သည်များ၏ တရုတ်နိုင်ငံဘက်ရှိ ဘဏ်ငွေစာရင်းများကိုလည်း တရုတ်အာဏာပိုင်များက ယာယီထိန်းသိမ်းထားလိုက်သည်ဟု မူဆယ်ဆန်ကုန်သည် ဦးမင်းသိန်းက ပြောကြားသည်။ 

ဘဏ်ငွေစာရင်းများ ထိန်းသိမ်းခံရသူများတွင် မြန်မာဆန်ကုန်သည်များသာမက သကြားကုန်သည်များလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ မူဆယ်တစ်ဖက်ကမ်းရှိ ရွှေလီတရုတ်အာဏာပိုင်များနှင့် သွားရောက်ညှိနှိုင်းလျက် ရှိကြောင်း မူဆယ်ဆန်ကုန်သည်များက ဆိုသည်။

ဆန်ကုန်သည်များ၏ ခန့်မှန်းချက်အရ မူဆယ်ဆန်ဈေးကွက်မှာ လာမည့် သီတင်းတစ်ပတ်ခန့် ကြာသည့်တိုင် အရောင်းအဝယ် ရပ်ဆိုင်းနေဦးမည် ဖြစ်သည်။