POST TYPE

REGIONAL

နယ်ခြားစောင့် ရဲစခန်း အကြမ်းဖက် တိုက်ခိုက်မှုဖြင့် ဖမ်းဆီးခံထားရသူ တရားရုံးထုတ်စဉ် သေဆုံး
16-Jun-2017 tagged as မောင်တော

ရန်ကုန်၊ ဇွန် ၁၆

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသူတစ်ဦးမှာ တရားရုံး အချုပ်ခန်းတွင် သေဆုံးသွားကြောင်း  နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဇွန်လ ၁၆ ရက်နေ့က  ထုတ်ပြန်ထားသည်။ 

ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသည့် အာလီမူလာ ဆိုသူကို ဇွန် ၁၅ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးသို့ ရုံးထုတ်လာရာ တရားရုံးအချုပ်ခန်း၌ ထိန်းသိမ်းထားစဉ် ဗိုက်အောင့်သည်ဟု ပြောဆိုပြီး သတိလစ်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြို့နယ်တရားသူကြီး၏ ခွင့်ပြုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အာလီမူလာကို စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရာ လမ်းခရီးတွင် သေဆုံးခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်  မဟုတ် အမှုဖွင့်စစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မောင်တောဒေသတွင် နယ်ခြားစောင့် ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သဖြင့် ဖမ်းဆီးခံရသူများအနက် အသက် ၁၆ နှစ်အောက် ကလေးခြောက်ဦး ရှိပြီး ယင်းအနက် တစ်ဦးမှာလည်း ရောဂါဖြင့် သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။