POST TYPE

REGIONAL

ကလေးမြို့နယ်ရှိ ဆေးအရောင်းဆိုင် ၁၂ဆိုင်မှ တရားမဝင်ဆေးများတွေ့
16-Jun-2017 tagged as ကလေးမြို့

ကလေး၊ ဇွန်  ၁၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအနက် ဆေးဆိုင် ၁၂ ဆိုင်တွင် သက်တမ်းလွန်ဆေးဝါးနှင့် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို   ဇွန်လ ၁၄ ရက် နံနက်ပိုင်းက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခရိုင်ဒုဥက္ကဋ္ဌ ဒေါက်တာဦးကောင်းထက်ဦးက ပြောကြားသည်။

ကလေးမြို့ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း  ရှိမရှိကို တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ရာမှ ဆေးဆိုင် ၁၂ ဆိုင်တွင် တွေ့ရှိခဲ့ကြောင်း၊ ဆေးဆိုင် ၁၂ ဆိုင်အနက် ဆေးဆိုင်သုံးဆိုင်တွင် စပ်ဆေးရောင်းချသည်ကို တွေ့ရှိရကြောင်း၊ ယင်းဆိုင်များကို  ပညာပေးမှုများ ပြုလုပ်ခဲ့ပြီး  နောက်တစ်ကြိမ် စစ်ဆေးသည့်အခါ ထပ်မံတွေ့ရှိပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

“ဆေးဆိုင်တွေ စစ်ပြီး ပညာပေးကာလလည်း လုပ်ပြီးသွားပြီ၊ ဒါပေမဲ့ ဆေးဆိုင်တွေ အနေနဲ့ ဆက်လက်ရောင်းချနေတာကို တွေ့ရတဲ့အတွက် ပညာပေးကာလလည်းကုန်ပြီ ဖြစ်တဲ့အတွက် နောက်ပိုင်းကျရင်တော့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်၊ ဒီလိုဆေးတွေ သောက်ပါများရင် ပြည်သူတွေ ဆိုးကျိုးဖြစ်လာနိုင်တဲ့အတွက် လုပ်ရတာပါ” ဟု ၎င်းက ရှင်းပြသည်။ 

ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးကာ ယခုနှစ် မတ်လ ၂၅ ရက်တွင် ဆေးဆိုင် ၁၀ ဆိုင်ကို စစ်ဆေးခဲ့ရာ သက်တမ်းလွန်ဆေးဝါးနှင့် မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချသော ဆိုင် ၂ ဆိုင်ကို တွေ့ရကြောင်း၊  အလားတူ မေလ ၁၁ ရက်က စစ်ဆေးရာတွင် ဆေးဆိုင် ၆ဆိုင်တွင် သက်တမ်းလွန်နှင့် မှတ်ပုံတင်မထားသော ဆေးဝါး ရောင်းချနေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ပညာပေးမှု ပြုလုပ်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

R- 20