News

POST TYPE

REGIONAL

တနိုင်းတွင် တပ်မတော်နှင့် KIA နှစ်ဖက်တွေ့မှု ဖြစ်
16-Jun-2017 tagged as တပ်မတော် KIA

ရန်ကုန်၊ ဇွန် ၁၅

ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်း၌ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားလျက်ရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ နှစ်ဖက်ထိတွေ့မှုတွေ ရှိတယ်။ မနေ့ကနဲ့ တစ်နေ့က ထိတွေ့မှု ဖြစ်တယ်။ ဒီနေ့မှာတော့ မရှိဘူးလို့ ကြားသိရတယ်” ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ဇွန်လ ၁၅ ရက်၌ The Voice သတင်းစာသို့ အတည်ပြု ပြောဆိုခဲ့သည်။

တနိုင်းမြို့နယ် အတွင်းရှိ တရားမဝင် ရွှေ/ပယင်း တူးဖော်နေသူများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား ထွက်ခွာရန် တပ်မတော်၏ ထုတ်ပြန်စာကို ဇွန်လ ၅ ရက်နေ့၌ ရဟတ်ယာဉ်ဖြင့်  ကြဲချဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ဖြစ်စဉ်များ ဖြစ်ပေါ်ပြီး နောက် တရားမဝင် ရွှေ/ပယင်း တူးဖော်နေသူများသည် လက်ရှိအချိန်၌ နေရပ်ပြန်လျက်ရှိသည်။

ထို့အတူ မှော်အတွင်းရှိ ပြည်သူများအနေနှင့် ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ထွက်ခွာရန်နှင့် ထွက်ခွာခြင်းမရှိပါက KIA အဖွဲ့နှင့် ပူးပေါင်းနေသည့်သူများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး နယ်မြေရှင်းလင်းသည့်အခါ ပြည်သူများ သေဆုံး/ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်လာမည်ကို မလိုလားသဖြင့် ယခုကဲ့သို့ ကြိုတင်အသိပေး အကြောင်းကြားကြောင်း တပ်မတော်က ဇွန်လ ၆ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

အလားတူ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) အဖွဲ့သည်လည်း ကချင်ပြည်နယ်အတွင်း သွားလာနေသူများကို ဇွန်လ ၁၀ ရက်နေ့၌ သွားလာခွင့် အချိန်ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်၌ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA သည် စစ်ရေးအခြေအနေများကြောင့် မိုးကောင်း-ကာမိုင်းလမ်း၊ လဝါး-ကာမိုင်းလမ်း၊ ကာမိုင်း-ဖားကန့်လမ်း၊ ဝှေ့ခါ-ဖားကန့် လမ်းပေါ်တွင် ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ခရီးသွားလာခြင်းကို အချိန်ကန့်သတ်လိုက်ကြောင်း KIA ၏ အသိပေးစာ၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ တပ်မတော်နှင့် KIA တို့ စစ်ရေးတင်းမာနေမှုများကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်များက ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်မှု ပြုပေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ဇွန်လ ၁၃ ရက်၌ ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုထားသည်။

J-07