POST TYPE

REGIONAL

စစ်တွေ-ရန်ကုန် ကားလမ်း မြေပြို၍ ကုန်တင်ကားများ ပိတ်မိ
16-Jun-2017 tagged as ကား စစ်တွေ

စစ်တွေ၊ ဇွန် ၁၅

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန် စွာရွာသွန်းနေမှုကြောင့် စစ်တွေ-ရန်ကုန် ကားလမ်းမြေပြိုကျခဲ့ရာ ကုန်တင်ယာဉ်များ ပိတ်မိနေပြီး ခရီးသည်ယာဉ်လိုင်းအချို့ အကန့်အသတ်ဖြင့် သွားလာနေရကြောင်း ဒေသခံများနှင့် အဝေးပြေး ယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။  

အမ်းတောင်ကြားလမ်း၊ တောင်ကုတ် တောင်ကြားလမ်းများတွင် ယခုရက်ပိုင်းအတွင်း မိုးကြီးပြီး မြေပြိုနေခြင်းတို့ကြောင့် လမ်းများပိတ်ဆို့နေရာ အမ်းမြို့နယ် တဇူးကိုင်းကျေးရွာ အနီးတွင် ကုန်တင်ကားအစီးရေ ၈၀ ခန့် ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

“လမ်းကို ပြန်ပြင်နေတာကြောင့် အိမ်စီးကားလေးတွေကတော့ သွားလို့ရတယ်။ ခရီးသည်တင် ကားတွေကတော့ အကန့်အသတ်နဲ့ သွားနေရတယ်” ဟု ရိုးမစွမ်းအင် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုများ၊ ကားလမ်းရေတိုက်စားမှုများ ဖြစ်ပေါ်လျက်ရှိရာ အမ်းမြို့နယ်အတွင်း မိုင်တိုင် ၈ နှင့် ၁၂ အကြားတွင် လမ်းပျက်စီးမှု အဆိုးရွားဆုံး ဖြစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဦးအောင်ဝင်းသိန်းက ပြောကြားသည်။

အမ်းမြို့နယ် တဇူးကိုင်းကျေးရွာ၊ တဇူးကိုင်းတံတားအနီးတွင် ရေလျှံမှုများကြောင့် သွားလာရ ခက်ခဲနေပြီး ယခုကဲ့သို့ မိုးဆက်တိုက်ရွာသွန်းပါက ယခုထက်ပိုမို ဆိုးရွားစွာ ပျက်စီးနိုင်ကြောင်း ယင်းဒေသခံ ဦးကျော်ခိုင်က ပြောဆိုသည်။ 

ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် ရခိုင်ရိုးမတောင်ကြောပေါ်တွင် ဇွန်လ ၁၅ ရက်နေ့ နေ့လယ်အထိ မြေပြိုနေခြင်းကြောင့် သွားလာရခက်ခဲသည့် လမ်းပိုင်းလေးနေရာခန့် ရှိနေပြီး လက်ရှိအချိန်တွင် ကုန်တင်ယာဉ်များကို သွားလာခွင့် မပြုတော့ဘဲ ခရီးတင်ယာဉ်များကို အကန့်အသတ်ဖြင့် သွားလာခွင့် ပြုထားသည်။

R-04