News

POST TYPE

REGIONAL

ပန်းချီပိုစတာပြိုင်ပွဲ အကဲဖြတ်ဆု ပြန်ရွေးချယ်လျှင် ပန်းချီပညာရှင်များအဖွဲ့မှ နုတ်ထွက်မည်
ပုသိမ်၊ ဇွန် ၁၅

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ကားချပ်ပြိုင်ပွဲတွင် ဆုရွေးချယ်ရေးအဖွဲ့၏ ဆုရွေးချယ်ထားမှုကို တိုင်းအစိုးရက ပြန်ရွေးချယ်ပါက ဆုရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သည့် ပန်းချီပညာရှင်များအဖွဲ့မှ နုတ်ထွက်မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအဆင့် အကြိမ် ၂၀ မြောက် ယင်းအထိမ်းအမှတ်နေ့ အခမ်းအနားကို ဇွန်လ ၁၄ ရက်က ပုသိမ်မြို့ အထက (၁) ရတနာတန်ဆောင် ခန်းမတွင် ကျင်းပခဲ့သည်။

အစိုးရဆက်ဆက် ယင်းပြိုင်ပွဲများကို ကျင်းပခဲ့ရာ ပြဿနာ မရှိခဲ့ဘဲ ယခုနှစ်မှ ဆုရွေးချယ်ရေးအဖွဲ့က မသမာမှု လုပ်သည်ဆိုသော တိုင်ကြားမှုကြောင့် အကဲဖြတ်အဖွဲ့ ရွေးချယ်သည့်ဆုကို ပြန်ရွေးမည်ဆိုလျှင် ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု နုတ်ထွက်မည့်သူများက ယူဆကြသည်။

“ကျွန်တော်တို့ရဲ့ပညာကို အစော်ကားမခံချင်တဲ့သဘောပါ”ဟု နုတ်ထွက်မည်ဟု ပြောဆိုသည့် ပုသိမ်မြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံး ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီကား ချပ်ပြိုင်ပွဲတွင် တိုင်းအတွင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရေးဆွဲရာ ပန်းချီကားချပ် ၁၂၇ ချပ်ရှိခဲ့သည်။

အတန်းအလိုက် ရွေးချယ်ဆုပေးရာတွင် မူဘောင်၊ စနစ်၊ အမှတ်ပေးစည်းမျဉ်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ ပုံ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသူများကို ဆုရွေးချယ်ပေးခဲ့သော်လည်း ဆုရွေးချယ်ရေးအဖွဲ့တွင်ပါဝင်သူ ပန်းချီပညာရှင်၏ သား၊ သမီး ပါဝင်နေခြင်းကြောင့် မကျေနပ်သည့် ကျောင်းသားမိဘအချို့က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဆုရွေးချယ်ရေးအဖွဲ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သကဲ့သို့ ပန်းချီပညာရှင်များ ပါဝင်ပြီး ဆုရွေးချယ်ခံရသည့်ပုံများကို မည်သည့်အတွက်ကြောင့် ရွေးချယ်ရသည်ကို မှတ်တမ်းထားရှိပြီး ရေးဆွဲသူကို ရွေးချယ်ခြင်း မဟုတ်ကြောင်း၊ ပုံတစ်ပုံချင်းကို ရွေးချယ်ရာတွင် ပုံ၏ ရည်ရွယ်ချက်၊ အရောင် အသုံးပြုမှု၊ အလင်း၊ အမှောင်၊ ရေဆေး၊ ဆီဆေးနိုင်နင်းမှုများကိုလည်း ထည့်သွင်းတွက်ချက်ပြီး ဘက်လိုက်မှု၊ မသမာမှု မပြုလုပ်ခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ဆိုသည်။

အငြင်းပွားမှု ဖြစ်သောကြောင့် နောင်နှစ်ပြိုင်ပွဲများတွင် တိုင်းအတွင်းမှ လာရောက်ယှဉ်ပြိုင်မည့် ကျောင်းသားနည်း သွားနိုင်ပြီး ပန်းချီ၊ ပိုစတာများကို ပညာရှင်များကသာ ခံစား ဆုံးဖြတ်ပေးနိုင်ပြီး မိမိသား၊ သမီး ဆုမရ၍ တိုင်ကြားမည်၊ ဆုကိုပြန်ရွေးချယ်မည်ဆိုလျှင် လုပ်ငန်း ရည်ရွယ်ချက် အောင်မြင်မည်မဟုတ်ဟု ကျောင်းသားမိဘ ဦးပြည်ကျော်က မှတ်ချက်ပြုသည်။

R-11