POST TYPE

REGIONAL

တီကျစ်ကျောက်မီသွေးစက်ရုံ တစ်နှစ် စမ်းသပ်လည်ပတ်မည်
နေပြည်တော်၊ ဇွန် ၁၅

ကျောက်မီးသွေးသုံး၍ လျှပ်စစ်ထုတ်လုပ်ပေးသည့် တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တစ်နှစ်ပြန်လည်ပတ်မည်ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါစက်ရုံသည် လျှပ်စစ်တာဘိုင်များ ချို့ယွင်းခြင်း၊ ကျောက်မီးသွေး သုံးစွဲမှုကို ဒေသခံများ ကန့်ကွက်ခြင်းကြောင့် ရပ်ဆိုင်းထားပြီး ယခုအခါ စက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား အရေးတကြီး လိုအပ်သဖြင့် စက်ရုံကို တစ်နှစ်ပြန်လည်ပတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ခေါင်းတိုင်မှထွက်သည့်ပြာများကို အပြင်သို့ မထွက်စေရန် ပြာဖမ်းစက်များ တပ်ဆင်ခြင်း၊ ဆာလဖာဒိုင်အောက်ဆိုဒ် ထွက်ရှိမှုကို ထိန်းချုပ်သည့်စက်များ တပ်ဆင်ခြင်းကို ဆောင်ရွက်ထားသည်ဟု ဦးခင်မောင်ဝင်းကဆိုသည်။

စမ်းသပ်လည်ပတ်ကာလတွင် မီးခိုးခေါင်းတိုင်မှ မီးခိုးထုတ်လွှတ်ခြင်းသည် ကမ္ဘာဘဏ်စံနှုန်းအတိုင်း ထုတ်လွှတ်ခြင်း ရှိ၊ မရှိ ပြည်သူများ လာရောက် ကြည့်ရှုနိုင်ရန် စက်ရုံရှေ့တွင် LED ဘုတ်ဖြင့် ပြသမည်ဖြစ်သည်။

စက်ရုံကို စမ်းသပ်လည်ပတ်သည့် အနေအထားအတွင်း အန္တရာယ် ရှိ၊ မရှိ၊ သတ်မှတ်သည့် စံနှုန်းအတိုင်း လုပ်ဆောင်ခြင်း ရှိ၊ မရှိကို ဒေသခံစောင့်ကြည့်ရေးအဖွဲ့က စောင့်ကြည့်နိုင်မည့် အစီအစဉ်များ ထည့်သွင်းထားသည်ဟု ၎င်းကဆိုသည်။

“စက်ရုံ ပြန်လည်ပတ်ဖို့အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ချမှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ လုပ်ထားပြီး အန္တရာယ် ရှိ၊ မရှိ စောင့်ကြည့်ရမှာက ဒေသခံအဖွဲ့အစည်းတွေ ဖြစ်ပါတယ်”ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။

စက်ရုံလည်ပတ်သည့် တစ်နှစ်တာကာလအတွင်း ဆိုးကျိုးများလျှင် ရှမ်းပြည်နယ်အစိုးရနှင့် ပအိုဝ်း ကိုယ်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများ ညှိနှိုင်းပြီး စက်ရုံကို ပိတ်သင့်လျှင် ပိတ်မည်ဖြစ်သည်။

ယင်းအချက်သည် စက်ရုံလုပ်ဆောင်ချက်နှင့် နည်းပညာပေါ်တွင် မူတည်သည်ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က ပြောကြားသည်။

“ဒီစက်ရုံ စမ်းသပ်လည်ပတ်မှုကို ရှမ်းပြည်နယ် အစိုးရ သဘောတူညီချက်နဲ့ လည်တာပါ။ စမ်းသပ်ကာလအတွင်းကတော့ သတ်မှတ်ဓာတ်အား အပြည်အဝတော့ မရနိုင်သေးပါဘူး”ဟု လျှပ်စစ်နှင့် စွမ်အင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။

မဂ္ဂါဝပ် ၁၂၀ ပေးမည့် တီကျစ်ကျောက်မီသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၀၂တွင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ တွင် စတင်လည်ခဲ့သည်။ ယင်းစက်ရုံသည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြိုနယ် ပြင်သာရွာအနီးတွင်ရှိသည်။

စမ်းသပ်လည်ပတ်မှုကို မေလကုန်တွင် ဆောင်ရွက်ခဲ့ပြီး လည်ပတ်မှုကာလတွင် မဂ္ဂါဝပ် ၅၀ကျော်သာ ထုတ်ပေးနိုင်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

T.L