POST TYPE

REGIONAL

ကျိုက်ထိုတွင် ငွေစက္ကူအတု ကျပ်သိန်း ၁၇၀ ကျော် ဖမ်းဆီးရမိ
15-Jun-2017 tagged as ငွေ

မော်လမြိုင်၊ ဇွန် ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေတွင် လူ ၅ ဦးထံမှ ငွေစက္ကူအတု ကျပ် ၁၇၃ သိန်း ဖမ်းဆီးရမိသည်ဟု ကျိုက်ထိုမြို့မ ရဲစခန်းထံမှ သိရသည်။

ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် လူ ၅ ဦးမှ ငွေစက္ကူအတုဟု ယူဆရသော ကျပ်တစ်သောင်းတန်၊ ကျပ်ငါးထောင်တန်များဖြင့် ဈေးဝယ်ခဲ့ကြောင်း ဖုန်းဖြင့် သတင်းပေးပို့ချက်အရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အသိသက်သေများနှင့်အတူ အဆိုပါ လူ ၅ ဦး စီးနင်းလာသည့် ပရိုဘောက်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“သူတို့က မြဝတီဘက်ကနေ လာတယ်၊ တစ်လမ်းလုံး ဒီငွေတွေ သုံးခဲ့တယ်၊ ကျိုက်ထိုမြို့နယ် တရားရုံးရှေ့က သစ်သီးတန်းတွေမှာ သစ်သီး ၁၀၀၀ ဖိုးဝယ်ပြီး ငွေ ၁၀၀၀၀ တန်ပေးတယ်။ ကျန်ငွေကို ပြန်မယူတော့ဘူး၊ အဲလိုပဲ ၅ ဆိုင်လောက် လိုက်ဝယ်နေတဲ့အချိန်မှာ သတင်းပေးလို့ ကျွန်တော်တို့ ပိတ်ဆို့ရှာဖွေမှု လုပ်ခဲ့တယ်” ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မျိုးလွင်က ပြောကြားသည်။

လက်ရှိတွင် ငွေစက္ကူအတုများဖြင့် ဖမ်းဆီးရမိသူများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အရေးယူ ဆောင်ရွက်ထားသည်ဟု ကျိုက်ထိုမြို့မ ရဲစခန်းထံမှ သိရသည်။

Dawei Watch