News

POST TYPE

REGIONAL

မကွေးတွင် ရေကြီး၍ တံတားများ မျောပါ
14-Jun-2017 tagged as ရေကြီး


မကွေး၊ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာအနီး လွှာချောင်း ရေကြီးမှုကြောင့် နေအိမ်အချို့ ပြောင်းရွှေ့နေထိုင်ရပြီး ပုသိမ်- မုံရွာ ကားလမ်းမကြီးနှင့် ချိတ်ဆက်ထားသည့် ယင်းမြို့နယ်တွင်းရှိ ကျေးလက်လမ်းတံတားနှစ်စင်း ရေစီးနှင့် မျောပါခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ ရေကြီးရေလျှံမှုကြောင့် ဇွန်လ ၁၃ ရက်နေ့က ဒေသတွင်း လမ်းပန်း ဆက်သွယ်မှုများ ယာယီပြတ်တောက်ခဲ့ရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

မိုးရက်ဆက် ရွာသွန်းမှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးခဲ့ပြီး မင်းတုန်းမြို့နယ်အတွင်းမှ ဖြတ်သန်းထားသော ပုသိမ်- မုံရွာ ကားလမ်းတွင်လည်း ကားလမ်း ရေကျော်နေခြင်းကြောင့် ယာယီ လမ်း ပိတ်ဆို့မှုဖြစ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းရေ ရုတ်တရက် ကြီးလာတာကြောင့် အကူအညီတွေ ပေးခဲ့ရတယ်။ နေအိမ်တွေက ရေမြှုပ်တဲ့အဆင့် မဟုတ်ပါဘူး။ ရေဝင်တာပါ။ ရေစိုမခံနိုင်တဲ့ပစ္စည်း အချို့တော့ ပျက်စီးကုန်တယ်။ ကျန်တာတွေတော့ ဝိုင်းပြီး ကူသယ်တာတွေကြောင့် ကြီးမားတဲ့ပျက်စီးမှုမျိုး မရှိပါဘူး”ဟု မင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ဆိုသည်။

ချောင်းရေကြီးမှုကြောင့် မင်းတုန်းမြို့နယ် မြောက်ပြင်ရွာအနီးရှိ ကျောက်ရိုး စီသစ်သားချောင်းကူးတံတား တစ်စင်း ရေစီးနဲ့ အတူမျောပါသွားခဲ့ပြီး ယင်းဒေသရှိ ကားလမ်းများတွင် ရေစီးသန်လှသည့် ရေကျော်များကြောင့် ယာယီ ကားလမ်းပိတ်ဆို့ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
 
အလားတူ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မန်းချောင်းရေလျှံခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် မန်းရွှေစက်တော်ရှိ အောက်စက်တော်ရာ ရင်ပြင်ပေါ်တွင်လည်း နှစ်ပေခွဲခန့် ရေတက်နေကြောင်း၊ ယခုရက်ပိုင်း ရွာသွန်းနေသည့်မိုးကြောင့် ဒေသတွင်း ဆည်မြောင်းတမံများ၏ အနေအထားမှာ စိုးရိမ်ဖွယ်ရှိကြောင်း မန်ချောင်းတမံ ထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင်ဇွန်လ ၁၃ ရက်နေ့က ရွာသည့်မိုးကြောင့် ပုသိမ်- မုံရွာကားလမ်းနှင့် ချိတ်ဆက်ထားသည့် ကျေးလက်လမ်းပေါ်ရှိ တိုင်တားရွာအနီးမှ သိုက်ချောင်းတံတားသည်လည်း ရေစီးနှင့်မျောပါခဲ့ရကြောင်း ဦးအေးလှိုင်ဦးက ဆက်လက် ပြောဆိုသည်။

“တံတားကသေးပေမယ့် အခုတော့ သွားမရတော့တာပေါ့။ မိုးကြောင့် အပျက်အစီးကမကြီးပေမယ့် လမ်းပန်းဆက်သွယ်ရေးတော့ ခက်ခဲသွားတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဒေသတွင်း စိုက်ခင်းများဖြစ်သည့် ပြောင်းသီးနှံ စိုက်ခင်းများ ပျက်စီးခဲ့ရပြီး ချောင်းရေကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု ၁၅ စုကို မဲဇလီ ကျေးလက်ဆေးပေးခန်းသို့ ပြောင်းရွှေ့ နေရာချထားပြီးဖြစ်ကြောင်း မင်းတုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

R-02