POST TYPE

REGIONAL

တနိုင်း စစ်ဘေးရှောင်များ ချင်းတွင်းမြစ်ဖျား စရောက်
14-Jun-2017 tagged as စစ်ဘေးရှောင်


ကလေး၊ ဇွန် ၁၄ 

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ တိမ်းရှောင် ထွက်ပြေးလာသူများမှာ ချင်းတွင်းမြစ်ဖျားမှ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိလာပြီး ဆက်လက် ခရီးထွက်ခွာရန်နှင့် လတ်တလော စားသောက်ရန်တို့ကို ကူညီပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။

တနိုင်းမြို့နယ်ရှိ ပယင်းမှော်၊ ရွှေမှော်၊ ကျောက်မှော်များတွင် နေထိုင်သူများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား ထွက်ခွာရန် တပ်မတော်က သတိပေးမှုတို့ကြောင့် ခန္တီးမြို့နယ်နှင့်နီးသော သတိပေးစာများတွင် ပါဝင်သောကြောင့် ဝမ်ပလော၊ တုံပနီအပြင် သတိပေးစာတွင် မပါသော်လည်း စိုးရိမ်နေသော ခမံစီ၊ ဟွေပီနှင့် အခြားမှော်များမှ လူ ၃၅၀ ကျော်က ဇွန်လ ၁၃ ရက် ည ၇ နာရီတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်များဖြင့် ခန္တီးမြို့သို့ ရောက်ရှိနေကြောင်း၊ ဇွန်လ ၁၄ ရက်တွင်လည်း လူဦးရေ ရာဂဏန်းကျော် ထပ်မံ ရောက်လာရန်ရှိသောကြောင့် ရောက်ရှိနေသူများကို ဆက်လက်ခရီးသွားရန်နှင့် စားသောက်ရန်အတွက် အကူအညီပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ခန္တီးမြို့ကို ရောက်လာရင် စားလို့ သောက်လို့ရမယ့်မုန့်တွေ ရေသန့်ဘူးတွေ ဝေနေပါတယ်၊ နေရပ်ပြန်ဖို့ အခက်အခဲ အရမ်းဖြစ်သွားပြီဆိုရင်တော့ အကူအညီပေးတာလုပ်ဖို့ ခန္တီးမှာရှိတဲ့ ဌာနဆိုင်ရာ အဖွဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ထားပြီးပါပြီ”ဟု ၎င်းက ပြောဆိုသည်။

ခန္တီးမြို့နှင့် အထက်ဘက် တိုက်တီး-ဝမ်းပလော ပြေးဆွဲသည့် စက်လှေလိုင်း တစ်စီးသာ ရှိကြောင်း၊ ဇွန်လ ၁၃ ရက်မှ စတင်ကာ မှော်များမှ တိမ်းရှောင်လာသူများ များပြားလာသဖြင့် ခန္တီး အမြန်ရေယာဉ် သံခွံ အပါအဝင် စက်လှေ ၄ စီး အထိ ပြေးဆွဲနေရကြောင်း၊ တိမ်းရှောင်လာသူများထဲတွင် စက်လှေခ မပေးနိုင်သူများလည်းရှိကြောင်း၊ ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများကို ခန္တီးမြို့ ဒေသခံပြည်သူများက ထမင်းထုပ်များ ဝေပေးနေကြောင်း ခန္တီးမြို့နေ ဦးစိုင်းလွင်က ပြောသည်။

R-20