POST TYPE

REGIONAL

တာချီလိတ်တွင် Miss Universe အလှမယ်ရွေးချယ်ပွဲကျင်းပမည်

ကျိုင်းတုံ၊ ဇွန် ၁၄ 

ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇူလိုင်လ ၂ ရက်တွင်  Miss Universe Tachileik အလှမယ် ရွေးချယ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း Miss Universe Organization မှ City Director ဦးကျော်သူရက ပြောကြားသည်။

“တာချီလိတ်မှာ ကျင်းပပေမယ့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းက ဒေသခံတိုင်းရင်းသူတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဒေသခံ တိုင်းရင်းသူတွေပါ ယှဉ်ပြိုင်လို့ ရပါတယ်၊ ပြိုင်ပွဲဝင်တွေအနေနဲ့ အလှပြင်တာ အပါအဝင် အဝတ်စားနဲ့ဖိနပ် စတဲ့ကုန်ကျစရိတ်တွေ ဘာမှကျခံစရာမလိုပါဘူး”ဟု ၎င်းက ပြောဆိုသည်။
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုယ်စားပြု တိုင်းရင်းသူ အမျိုးသမီးငယ်လေးများမှာ ကိုယ်ပိုင် အရည်အသွေးနှင့် အလှအပများ ပြည့်စုံကြောင်း သိရှိစေရန်အတွက် တာချီလိတ်မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်များကို ဒေသခံ ဟိုတယ် လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ကူညီပံ့ပိုးမှုကို ရယူမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲနေ့ရက်တွင် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း ပြိုင်ပွဲ ကျင်းပရေးတာဝန်ခံ ကိုအာကာက ပြောကြားသည်။

အဆိုပါပြိုင်ပွဲကို အသက် ၁၇ နှစ်မှ အသက် ၂၅ နှစ်အရွယ် အိမ်ထောင် မရှိသူ အခြေခံပညာ အထက်တန်းအဆင့်ရှိ အမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ ဆုအနေနှင့် Miss Universe Tachilieike 2017 ဆုကို ကျပ် ၁၀ သိန်း၊ 1st runner up ဆုကိုကျပ် ၅ သိန်းနှင့် 2nd runner up ဆုကို ကျပ် ၃ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

R-16