News

POST TYPE

REGIONAL

ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး အမည်စာရင်း တင်သွင်း
08-Jun-2017
မော်လမြိုင်၊ ဇွန် ၇

မွန်ပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (ပထမနေ့) တွင် မွန်ပြည်နယ်အတွက် ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်ရန် ပြည်နယ်ဝန်ကြီးချုပ်က ဦးမင်းကျော်လွင်ကို အမည်စာရင်း တင်သွင်းခဲ့သည်။ 

အမည်စာရင်း တင်သွင်းခြင်းကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဇွန်လ ၇ ရက်တွင် ပြန်လည်ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဖတ်ကြားတင်သွင်းခဲ့သည်။

ဝန်ကြီးအမည်စာရင်း တင်သွင်းနှင့် ပတ်သက်၍ အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်၏ သဘောတူညီချက်ကို ရယူမည် ဖြစ်ကြောင်း၊ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ဆွေးနွေးနိုင်ကြောင်း၊ ဆွေးနွေးလိုသော ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းရမည် ဖြစ်ကြောင် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ကြေညာခဲ့သည်။  

ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်ကို ရွေးချယ်ရသည်နှင့် ပတ်သက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “သူက ချောင်းဆုံ ရွာလွတ်မှာ နေတယ်၊ သူက ပညာရှင်၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာလည်း  အလုပ်လုပ်ဖူးတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း လုပ်ကိုင်ဖူးတယ်၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေက တော်တော် များပါတယ်၊ သူက ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် အနေနဲ့ ရွေးချယ်လိုက်တာပါ” ဟု ပြောဆိုခဲ့သည်။

ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းလိုက်သည့် ဦးမင်းကျော်လွင်မှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာဇာတိ ဖြစ်ပြီး၊ ၎င်းအပါအဝင် ညီကိုမောင်နှစ်မ ၅ ဦးရှိကြောင်း၊ မွန်လူမျိုး ဖြစ်သည်။

ဦးမင်းကျော်လွင်သည် ၁၉၈၄ ခုနှစ် တွင် ရန်ကုန်စက်မှုတက္ကသိုလ်တွင် B.E (မြို့ပြ) ဘွဲ့ကို ရရှိထားပြီး လုပ်ငန်းအတွေ့အကြုံ အနေနှင့် ပြည်တွင်း ပြည်ပ မြို့ပြအင်ဂျင်နီယာလုပ်ငန်းများ၊ စီမံကိန်း အင်ဂျင်နီယာအလုပ်များ၊ လမ်းအင်ဂျင်နီယာလုပ်ငန်းများ၊ အလွတ်တန်းအတိုင်ပင်ခံ အင်ဂျင်နီယာ လုပ်ငန်းများနှင့်တူ ဆောက်လုပ်ရေး ဝန်ကြီးဌာနများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။