News

POST TYPE

REGIONAL

ဟိုင်းကြီးကျွန်းဒေသသို့ ကြွက်ထောင်ချီ ဝင်ရောက်မှု အစာပြတ်လပ်မှုကြောင့်ဟုဆို
08-Jun-2017
ပုသိမ်၊ ဇွန် ၇ 

ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတော မြို့နယ်၊ ဟိုင်းကြီးကျွန်းဒေသရှိ ကျေးရွာများအတွင်းသို့ ကြွက်ဝမ်းဖြူများ ထောင်ချီ ဝင်ရောက်မှုမှာ အစာရေစာ ပြတ်လပ်မှုကြောင့်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးထံမှ သိရသည်။

ကြွက်များ ဝင်ရောက်သော ရွာအနီးအနားတွင် လွန်ခဲ့သော လေးလခန့်က ဝါးပင်များတွင် အသီးများ သီးကြောင်း၊ ဝါးသီးများကို ကြွက်များက စားပြီးနောက်  ပေါက်ဖွားနှုန်းမြင့်သဖြင့် ကြွက်များမှာ အစာရေစာ ရှားပါးလာသဖြင့် အုပ်စုလိုက် ရွှေ့ပြောင်းသွားလာခြင်းဖြစ်ကြောင်း၊ ယင်းကြွက်များကို ခွဲစိတ်စစ်ဆေးရာတွင် ဝမ်းဗိုက်ထဲမှ ဝါးရွက်နု၊ တညင်းရွက်၊ ဖာလာ ဒွန့်ရွက်များကိုသာ တွေ့ရပြီး  ပလိပ်ရောဂါ ဖြစ်စေနိုင်သော သန်း၊ ပိုးများကို မတွေ့ရကြောင်း ယင်းဒေသတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေသည့် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ပိုးမွှား ကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ရှင်းပြသည်။

ကြွက်များကို အစုလိုက် တွေ့ရှိရမှု မှာ အစာရေစာရှားပါးမှုကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးပါက နေထိုင်မှု ပုံစံပျက်ယွင်းသောကြောင့် လည်းကောင်းဖြစ်ကြောင်း၊ ရွာထဲတွင် တွေ့ရသော ကြွက်များကို ခွဲစိတ်စစ်ဆေးရာ၌ ဗိုက်ထဲတွင် အရွက်များကို တွေ့ရပြီး၊ ပင်လယ်ကမ်းခြေတွင် တွေ့ရသော ကြွက်များတွင် ဂဏန်း၊ ခရု၊ ငါးတို့ကို တွေ့ရကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသော်လည်း ကြွက် တစ်မျိုးတည်းကိုသာ ကြည့်၍ ဆုံးဖြတ် မရကြောင်း၊ အခြားတိရစ္ဆာန်များ၊ ငှက်များကိုလည်း ကြည့်ရမည်ဖြစ်ကြောင်း ဦးဝင်းစိုးက ဆက်လက် ပြောကြားသည်။

“ကြွက်တွေက ရွာထဲကို ရောက်လာတာ လေးငါးရက်လောက်တော့ရှိပြီ၊ ညနေဘက်ဆို ပိုများတယ်လို့ ထင်ရတယ်၊ ပင်လယ်ချိုင်တွေဘက်ကို ဆင်းသွားတာလည်း တွေ့ရတယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှင်းလင်းရေးတွေ လုပ်နေရတယ်”ဟု သမ္မာန်လေးရွာမှ ဒေါ်မိုးမိုးစံက ပြောပြသည်။

ကြွက်များကို လက်ဖြင့် တိုက်ရိုက်ကိုင်တွယ်ခြင်း မပြုရန်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ကျန်းမာရေး အဖွဲ့အစည်းများ၏ ညွှန်ကြားချက်အတိုင်း နေထိုင်ကြရန်နှင့် စိုးရိမ်ထိတ်လန့်စိတ်များ လျော့နည်းစေရေးတို့အတွက် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ဆောင်ရွက်ပေးနေကြောင်း အဆိုပါ ဒေသသို့ ရောက်ရှိနေသော ငပုတောမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောကြားသည်။

ဇွန် ၃ ရက်မှစ၍ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းဒေသ၊ ဇီးချိုင်၊ ကံချိုင်၊ ကျောက်ချောင်း၊ ကွင်းဘက်နှင့် ဖောင်ဒိုး ကျေးရွာအုပ်စုရှိ ရွာအချို့သို့ ကြွက်ဝမ်းဖြူများ အုပ်စုလိုက် ကောင်ရေ ထောင်ချီ ဝင်ရောက်ခဲ့ကြောင်း၊ ပင်လယ်ကမ်းခြေအနီး နေထိုင်သော ခြံများရှိ သီးပင်၊ စားပင်များကို ကိုက်ဖြတ်စားသောက်ကြသဖြင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ရွာသားများမှ သုတ်သင် ရှင်းလင်းခဲ့ရာ ဇွန်လ ၇ ရက်အထိ ကြွက်ကောင်ရေ ၆၀ဝ၀ ကျော် သေဆုံးခဲ့ကြောင်း၊ ကြွက်များမှာ ရိုးမနှင့် ဆက်စပ်သော ကျေးရွားများသို့ ဝင်ရောက်မှု များကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ဒေသခံများက ငလျင်နှင့် မုန်တိုင်း အန္တရာယ်ကို ထိတ်လန့်နေကြပြီး ကြွက်များမှာ ပင်လယ်ဒီရေ မြင့်တက်ချိန်နှင့် မိုးရွာသွန်းမှု များပြားခြင်းကြောင့် အသိုက်များ ပျက်စီးကာ ကျေးရွာများထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ပဲခူးရိုးမဒေသ၊ ချင်းပြည်နယ် ပလက်ဝဒေသ၊ ကြံခင်းနှင့် မြန်အောင်ဒေသတို့တွင်လည်း ယခုကဲ့သို့ ကြွက်များ အုပ်စုလိုက် ဝင်ရောက်ခဲ့မှု ဖြစ်ပေါ်ခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာ၊ ဓနုဖြူမြို့နယ်၊ ကျောက်တိုင်ကျေးရွာနှင့် လေးမျက်နှာမြို့နယ်၊ အိုင်သဗြု တိုက်နယ်တို့တွင်လည်း အစားအစာ ပြတ်လပ်မှုကြောင့် ကြွက်ဝမ်းဖြူများ ဝင်ရောက်ခဲ့ဖူးကြောင်း၊ သို့သော် ကြွက်မှကူးစက်တတ်သည့် ရောဂါများ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ 

R-11


  • VIA