News

POST TYPE

REGIONAL

ရေနံချောင်းတွင် မြစ်ကမ်းပါးပြို၍ ရွာလုံးကျွတ်ရွှေ့
07-Jun-2017
ရေနံချောင်း၊ ဇွန် ၆

ဧရာဝတီမြစ်ရေလမ်းကြောင်းပြောင်းလဲပြီး မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနေရာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ သူဌေးကုန်းကျေးရွာ သည် ရွာလုံးကျွတ် ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းမြစ်ကြောင်းတစ်လျှောက်ရှိ နေရာအချို့တွင် ပြီးခဲ့သည့်နှစ်အတွင်းမှစ၍ ကမ်းပြိုမှုများ အဖြစ်များလာသည့်အတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ၎င်းတို့က ပြောဆိုသည်။

မြစ်ရေတိုက်စားမှုကြောင့် နေအိမ်များ ပြောင်းရွှေ့ရမည်ဖြစ်ရာ နေအိမ်မရှိတော့သည့် အိမ်ထောင်စု ၁၀ဝ ကျော်အတွက် တိုင်းအစိုးရအဖွဲ့က မြေနေရာ အပါအဝင် ကျပ်သိန်း ၅၀ဝ တန်ဖိုးရှိလို အပ်သည့်ပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

မြေနေရာသစ်ကို ရေနံချောင်းမြို့နှင့် တစ်ဆက်တည်းတည်ရှိသည့် ဆားကိုင်ဆိပ်နှင့် ကပ်ရှေ့ဘက်ကမ်းပေါ်မှ ကုန်းမြင့်မြေပေါ်တွင် စာသင်ကျောင်းမြေနေရာပါ ချထားပေးခြင်းဖြစ်ပြီး ယင်းအတွက် မည်သည့်ငွေကြေးကိုမျှ ကောက်ခံခဲ့ခြင်း မရှိကြောင်း၊ ယင်းလုပ်ငန်းအတွက်နေရာ ချထားရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့က ရွာ မြေနေရာအတွက် အတည်ပြုပေးတယ်။ မြေညှိဖို့ ဘက်ဟိုးတွေ ချပေးတယ်။ စက်သုံးဆီတွေ ထုတ်ပေးတယ်”ဟု ရေနံချောင်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဆိုသည်။

ယခင် မပြောင်းရွှေ့ခင်က ရှိပြီးသား အိမ်ထောင်စုစာရင်းအတိုင်း မြေကွက်များကို ချထားပေးခဲ့ခြင်းဖြစ်ပြီး နေရာဟောင်းတွင် မြေကွက် မရှိခဲ့သူများလည်း အကွက်ရိုက်သည့်အထဲတွင် ပါဝင်ချထားပေးခဲ့ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။ 

“ဧရာဝတီမြစ်ဘေး တစ်လျှောက်မှာ ကမ်းပြိုမှုကိုကာကွယ်ဖို့ မကွေးတိုင်း မြစ်ချောင်းဘက်က ကျောက်စီနံရံတွေ အများကြီး လုပ်တယ်။ ဒါတွေကြောင့် ကမ်းပြိုမှုကိုတော့ အထိုက်အလျောက် ကာကွယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရေစီးကြောင်းပြောင်းလို့ မြစ်ထဲက သောင်ခုံတွေမှာ ကမ်းပြိုမှုတွေ အဖြစ်များလာတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

သူဌေးကုန်းကျေးရွာသား အများစုသည် ကိုင်းလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပြီး ယခုနေရာသစ်သို့ ပြောင်းရွှေ့ပြီးပါကလည်း မြစ်ကြောင်းတစ်လျှောက်ရှိ မိမိတို့လုပ်ကိုင်ခွင့်ရသည့် မြေနုကျွန်း သဲသောင်ခုံများပေါ်တွင် ဆက်လက် လုပ်ကိုင်မည်ဖြစ်သော်လည်း မြစ်အတွင်းရှိ သောင်ခုံများ ပြိုပျက်မှု မြင့်မားလာသည့်အတွက် စိုက်ပျိုးမြေ ရှားပါးမှုကို မကြာမီကာလအတွင်း ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သူဌေးကုန်းကျေးရွာ ရပ်မိရပ်ဖများက ဆိုသည်။

R-02


  • VIA