News

POST TYPE

REGIONAL

ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်သုံးသည့် လုပ်ငန်း ၁၃၉ ခု ဆောင်ရွက်ခွင့် မတင်ပြဟုဆို ပြည်ထောင်စုစာရင်းစစ်ချုပ် ထောက်ပြ
06-Jun-2017
နေပြည်တော်၊ ဇွန် ၆

တစ်နှစ်လျှင် ကျပ်သိန်း တစ်ထောင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သော လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြုလုပ်သည့် လုပ်ငန်း ၁၃၉ ခုသည် ဗဟိုကော်မတီသို့ လုပ်ငန်းလွှဲပြောင်း ဆောင်ရွက်ခွင့်တင်ပြမှု မရှိခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဇွန်လ ၆ ရက်က  ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက် တင်ပြရာတွင် အထက်ပါအတိုင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးရေးရန်ပုံငွေကို မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် လုပ်ငန်းပေါင်း ၁၄,၅၇၀ ခု ဆောင်ရွက်ခဲ့ပြီး မြို့နယ် ၅၇ မြို့နယ်မှ လုပ်ငန်း ၃၂၀ ခုအနက် ဗဟိုကော်မတီသို့ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ခွင့်ကို လုပ်ငန်း ၉၁ ခုသာရှိခဲ့ပြီး ၁၃၉ ခုမှာ တင်ပြခြင်း မရှိခဲ့ကြောင်း ဦးမော်သန်းက ရှင်းပြသည်။

ဆောင်ရွက်ခဲ့သော လုပ်ငန်းများတွင်လည်း ရာသီဥတုနှင့် သဘာဝဘေးကြောင့် ပျက်စီးမှုများ ရှိနေသော်လည်း ပြင်ဆင် ထိန်းသိမ်းမည့်အစီစဉ်ကို လုပ်ကိုင်ခြင်း မရှိကြောင်း၊ ယင်းကိစ္စများသည် ပြန်လည် ထိန်းသိမ်းသည့် အစီအစဉ်ထားရှိပြီး လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

၂၀၁၆ နိုဝင်ဘာ ၈ ရက်အထိ ရခိုင်ပြည်နယ်-မာန်အောင်၊ ဧရာဝတီတိုင်း - မြန်အောင်မြို့နယ်တို့တွင် လုပ်ငန်းတစ်ခု စီပြီးစီးမှု မရှိသေးသည်ကို တွေ့ရှိရကြောင်း၊ ယင်းအပြင် ကရင်ပြည်နယ်မှ (၅) မြို့နယ်၊ တနင်္သာရီတိုင်းရှိ မြို့နယ် (၄)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၁၂) မြို့နယ်၊ ရန်ကုန်တိုင်းတွင် (၃) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီ-ပျဉ်းမနားမြို့နယ်တို့မှ လုပ်ငန်း ၁၄၀၅  ခုအတွက် လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာ တင်ပြမှုမရှိကြောင်း ၎င်းက တင်ပြ ပြောကြားသည်။

ဖွံ့ဖြိုးရေး ရန်ပုံငွေသည် လုပ်ငန်းတစ်ခုတွင် ကျပ်သိန်း ၅၀ သာ အသုံးပြုခွင့် ပေးထားပြီး လိုအပ်ချက်များကို ဒေသခံပြည်သူနှင့် အလှူရှင်များကို စိုက်ထုတ် ကူညီမှုများရှိခဲ့ပြီး ပြည်သူများအနေနှင့် စိတ်ကျေနပ်မှု ရရှိသည်ကို လေ့လာတွေ့ရှိရကြောင်း ဦးမော်သန်းက ထပ်လောင်းပြောသည်။

ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်သုံးသော လုပ်ငန်း ဆောင်ရွက်ချက်များသည် လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်လုပ်ကိုင်ရသည့် လုပ်ငန်းများ ဖြစ်သောကြောင့် အားနည်းချက်များကို အထူး သတိပြုရန်နှင့် လုပ်ထုံးလုပ်နည်းကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက မှတ်ချက်ပြုလိုက်သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် တင်ပြသော အစီရင်ခံစာနှင့် ငွေစာရင်း ကော်မတီ၏ သဘောထားမှတ်ချက်ကို လွှတ်တော်မှ ဆွေးနွေးမည့်သူများရှိပါက အမည်စာရင်း ပေးသွင်းရမည်ဖြစ်ပြီး မှတ်တမ်းတင် အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

T.L


  • VIA