News

POST TYPE

REGIONAL

စွန့်ပစ်အပူသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အထူးလိုအပ်
06-Jun-2017
ပုသိမ်၊ ဇွန် ၆ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ ကမ်းခြေဒေသ မီးလောင်ဂျိုင် ကျေးရွာအုပ်စုနှင့် ဂျိတ်လတ်ကျေးရွာ အုပ်စုအနီးတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်မည့် ကောင်းကျိုး၊ ဆိုးကျိုးကို အစိုးရက ပွင့်လင်းမြင်သာသည့် တာဝန်ယူမှု တာဝန်ခံမှု အထူး လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။ 

အမေရိကန် ဒေါ်လာသန်း ၂၀ဝ၀ ခန့်ဖြင့် ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓာတ်အား ၁၃၈၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် ယင်းစီမံကိန်းကို ဟောင်ကောင်နိုင်ငံ အခြေစိုက် Zhefu Group ၊ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Gunver Group နှင့် မြန်မာနိုင်ငံသားပိုင် Supreme Group ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။  

ဇွန်လ ၄ ရက်က ရွှေသောင်ယံ ကမ်းခြေမြို့ ဓမ္မာရုံတွင်ဒေသခံနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့ တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို ရှင်းပြခဲ့ကြောင်း၊ ယင်းအပြင် ဒိန်းမတ်နိုင်ငံအခြေစိုက် Rambool Envrion ကုမ္ပဏီက စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ၊ အကျိုးသက်ရောက်မှုဆိုင်ရာများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အစီအမံများကို ရှင်းပြခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ပြောကြားသည်။

“ဒေသ ဖွံ့ဖြိုးရေးသာမက နိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်တင်းနိုင်မယ့် စီမံကိန်း ဖြစ်တဲ့အတွက် လက်မခံနိုင်စရာ မရှိပါဘူး။ ဒါပေမဲ့ ဆိုးကျိုးဆိုတာကို ကျွန်တော်တို့က ခံစားရမှာ။ ဖြစ်လာရင် တာဝန်ယူမှု တာဝန်ခံမှုကို အစိုးရကသာ လုပ်ပေးနိုင်မှာပါ”ဟု ဒေသခံ ဦးအောင်မျိုးဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ရည်ရွယ်ထားကြောင်း၊ သဘာဝ ဓာတ်ငွေ့ရည် ကုန်တင်ကုန်ချ ဆိပ်ကမ်း၊ လှိုင်းကာနှင့် ရေပေါ်သိုလှောင်ရုံ သင်္ဘော ဓာတ်ငွေ့စက်ရုံများ ပါဝင်မည်ဖြစ်ပြီး ရန်ကုန်မြို့တော်အထိ သွယ်တန်းမည့် မဟာဓာတ်အားလိုင်းတို့ ပါဝင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများက ဒေသခံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီးအတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင် ဖန်တီးရေး ကဏ္ဍများကိုလည်း ထောက်ပံ့မည်ဖြစ်ကြောင်း စီမံကိန်း ဒါရိုက်တာ ဦးသန်းဦးက ပြောကြားသည်။

ထိုအပြင် သဘာဝ ဓာတ်ငွေ့ရည်သည် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနှင့် သန့်ရှင်းသော လောင်စာဖြစ်ပြီး အဆင့်မြင့် နည်းပညာများကို အသုံးပြုသောကြောင့် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် နည်းလမ်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းအတွက် အစိုးရမှ သီးသန့် ခေါ်ယူထားသော ဘယ်ဂျီယံ၊ ဒိန်းမတ်နှင့် နိုင်ငံတကာ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ အတိုင်ပင်ခံများက ရှင်းပြသည်။

ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်အရ ဆောင်ရွက်ပြီးစီးသည့် ဖြစ်နိုင်ခြေ ဆန်းစစ်မှု အစီရင်ခံစာအား ပြည်ထောင်စု အစိုးရထံ ပြန်လည် တင်ပြထားပြီး ခွင့်ပြုချက်ရပါက လုပ်ငန်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရရုံးထံမှ သိရှိရသည်။

R- 12


  • VIA