News

POST TYPE

REGIONAL

ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ရာ၌ အသက် ၁၆ နှစ်အောက် ခြောက်ဦး ပါဝင်
06-Jun-2017
ရန်ကုန်၊ ဇွန် ၅

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်ရာ၌ အသက် ၁၆ နှစ်အရွယ် ခြောက်ဦး ပါဝင်ကြောင်း ဇွန်လ ၅ ရက်နေ့ က နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ် ပြန်လိုက်သည်။

ထိုကဲ့သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် နိုဝင်ဘာလ ၁၂ ရက်နေ့၌ မရင်းတောင်ခြေ၌ လည်းကောင်း၊  ဂွဆုံရွာအနီး၌ လည်းကောင်း ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုဖြစ်စဉ်၌ ပါဝင်သူများကို ၃၀၂/ ၃၃၃/၃၃၇ ဖြင့် လည်းကောင်း၊ လက်နက်များ (ယာယီပြင်ဆင်ချက်) အက်ဥပဒေ ၁၉ (က)၊ မတရားအသင်း အက်ဥပဒေ ၁၇(၁)/၁၇(၂) ဖြင့် လည်းကောင်း အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီးရမိသူများအနက် အသက် ၁၂ နှစ်မှ ၁၆ နှစ်အောက် ခြောက်ယောက် ပါဝင်ခဲ့သည်။ အဆိုပါ ကလေးသူငယ် တရားခံခြောက်ဦးကို မောင်တောမြို့နယ် တရားသူကြီး၏ ထိန်းသိမ်းခွင့်ဖြင့် ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (ခွဲ) တွင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနှင့်အညီ ထိန်းသိမ်းထားရှိခဲ့သည်။

ထိုသို့ ထိန်းသိမ်းထားစဉ် အသက် ၁၃ နှစ်မှ ၁၅ နှစ်ခန့်ရှိသူ တစ်ဦးမှာ အစာအိမ်ရောဂါ ခံစားနေရသဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့သည်။

ထိုသို့ ဆေးဝါးကုသမှု ခံယူနေစဉ် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၆ နာရီခွဲခန့်၌ နှလုံးအရည်စုခြင်းကြောင့် သွေးလန့်သေဆုံးခဲ့သည်ဟု အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ ကျန်ရှိသော ကလေးသူငယ် ငါးဦးကို ဘူးသီးတောင်မြို့နယ် ကလေးသူငယ် တရားရုံး၌ ကလေးသူငယ် တရားသူကြီး ဦးဘသောင်းက အမှုစစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးလျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင်များသည် ၎င်းတို့၏ အကြံပြုချက်များကို သြဂုတ်လအတွင်း၌ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်  ဇွန်လ ၅ ရက်၌ ရခိုင်ပြည်နယ်သို့ ရောက်နေရှိပြီး အစိုးရအဖွဲ့ဝင်များ၊ ဘင်္ဂါလီများ၊ ရခိုင်တိုင်းရင်းသားအချို့နှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

J-07