News

POST TYPE

REGIONAL

တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခံရသူ နေ့ချင်း အာမခံရ
06-Jun-2017

ပုသိမ်၊ ဇွန် ၅

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်၏ တရားစွဲခံရသော ပုသိမ်မြို့ အခြေစိုက် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဦးဆောင်သူ ဦးထွန်းထွန်းဦးကို ပုသိမ်မြို့နယ် တရားရုံးက တရားစွဲဆိုသည့် ဇွန်လ ၅ ရက်တွင် နေ့ချင်း အာမခံပေးခဲ့သည်။

တရားစွဲဆိုခံရသူ ဦးထွန်းထွန်းဦးသည် NGO အဖွဲ့အစည်းတစ်ခုမှ လူကြီးလူကောင်းတစ်ဦးဖြစ်နေခြင်း၊ သက်သေခံပစ္စည်းများကို မဖျောက်ဖျက်ခြင်း၊ သတ်မှတ် အရည်အချင်းနှင့် ပြည့်မီသည့် အာမခံပေးမည့်သူရှိခြင်း၊ ထွက်ပြေးမည့် အနေအထား မရှိခြင်း၊ တရားစွဲဆိုသူ၊ အပြစ်မဲ့ပြည်သူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ပြုနိုင်မည့်သူ မဟုတ်ခြင်း၊ တရားဥပဒေကို ထပ်မံ ကျူးလွန်မည့်သူဟု မသတ်မှတ်နိုင်ခြင်း၊ သေဒဏ်ချမှတ်နိုင်သော ပြစ်မှု မဟုတ်ခြင်းတို့ကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ ပုဒ်မခွဲ ၁ အရ အာမခံ ပေးလိုက်ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဦးမင်းအောင်က The Voice သို့ ပြောကြားသည်။ 

“ဦးထွန်းထွန်းဦး ကိုယ်တိုင် အာမခံ လျှောက်တာပါ၊ အာမခံ ပေးရာမှာ သူ (ဦးထွန်းထွန်းဦး) ရယ်လို့ မဟုတ်ပါဘူး ဥပဒေက ပြည်သူနဲ့ အတော်များများ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခိုင်းထားပါတယ်၊ တရားစီရင်ရေးမှာက မူရှိပါတယ်၊ တရားရုံးက အပြစ်ရှိတယ်လို့ မဆုံးဖြတ်မချင်း အပြစ်မဲ့သူလို့ ယူဆရမယ် ဖြစ်ပါတယ်၊ အာမခံပေးခြင်းဟာ အပြစ်က လွှတ်ပေးတာ မဟုတ်ပါဘူး၊ အပြစ်ရှိတယ်လို့ ရုံးတော်က ဆုံးဖြတ်ရင် အပြစ်ဒဏ်ကျခံမှာပါ၊ စွပ်စွဲခံရသူဟာ ရင့်ကျက်တဲ့ အရွယ်လည်း ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဇန်နဝါရီ ၉ ရက်က ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းသား ကိုအောင်ခန့်ဇော်ပါ ကျောင်းသား ကိုးဦးအဖွဲ့မှ တပ်မတော် ထောက်ခံပွဲသို့ တက်ရောက်လာသည့်အကြောင်း သရုပ်ဖော် တင်ဆက်ခဲ့သည်ကို ဦးထွန်းထွန်းဦးက Facebook တွင် Live တင်ခဲ့သည်။

သရုပ်ဖော်ရာတွင် တပ်မတော်နှင့် တပ်မတော် မိသားစုဝင် ရဲမေများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် စကားလုံးများဖြင့် သရုပ်ဖော်သည်ဟုဆိုကာ Live တင်သည့် ဦးထွန်းထွန်းဦးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ စစ်ဦးစီးအရာရှိ (ပထမတန်း)မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်က ပုသိမ်မြို့နယ် တရားရုံးသို့ တိုင်ကြားခဲ့သည်။

“ကျွန်တော်က ဒီအခမ်းအနားမှာ အဖွင့်အမှာစကား ပြောပေးလို့ရတယ်၊ ပြီးတော့ အခမ်းအနား ကျင်းပမှုကိုလည်း Live တင်ပါတယ်၊ ကျောင်းသားတွေ သရုပ်ဆောင်တာက အပြုသဘောဆောင်တဲ့ ဟာသ ပြကွက်ပါ၊ နောက်တစ်နေ့မှာပဲ မသင့်တော်ပါဘူးဆိုပြီး ကိုယ်တိုင် ပြန်ဖျက်ချလိုက်ပါတယ်၊ ဖျက်ပြီးမှ တရားစွဲတာပါ။ တပ်မတော်ကို ကျွန်တော်တို့က သဘောထား ကြီးကြီးထားပါတယ်၊ ဒါပေမဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းနေရာမှာ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ပုဒ်မ ၁၈၊ ၁၉၊ ၆၆(ဃ) တို့ဆိုတာ ဖျက်သိမ်းပေးသင့်ပါတယ်၊ တရားဥပဒေအရ ကျွန်တော် ရင်ဆိုင်မှာပါ”ဟု ဦးထွန်းထွန်းဦးက ပြောဆိုသည်။ 

ဦးထွန်းထွန်းဦးကို အနောက် တောင် တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး အောင်မျိုးခိုင်က ဇန်နဝါရီလ ၁၇ ရက်တွင် အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ၃၄ (ဃ) ဖြင့် ပုသိမ်မြို့နယ် တရားရုံးသို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ဥပဒေအရာရှိ၏ အကြံပြုချက်အရ အီလက်ထရောနစ်ဆိုင်ရာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲရန် အထက်အဖွဲ့အစည်းသို့ တင်ပြခဲ့ကြောင်း၊ ဆက်သွယ်ဝန်ကြီး၏ မှတ်ချက်အရ ယင်းပုဒ်မဖြင့် ပုသိမ်မြို့နယ် တရားရုံးသို့ တင်ပို့ရခြင်းဖြစ်ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။

R-12


  • VIA