News

POST TYPE

REGIONAL

ဗန်းမော်-မြစ်ကြီးနားလမ်းတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ
05-Jun-2017
ဗန်းမော်၊ ဇွန် ၅

ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားသွားကားလမ်းမကြီးပေါ်တွင် ဇွန်လ ၄ ရက်က ကျပ်သိန်း ၂၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့သည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နယ်မြေခံရဲစခန်းက ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ခပရာကျေးရွာ တပ်မတော်စစ်ဆေးရေး ဂိတ်အနီးအရောက်တွင် မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် ဖီးလင်းအနက်ရောင် ၁၂၅ ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းဆိုင်ကယ်ပေါ်မှ Love Flower စာတန်းပါ ရောင်စုံဆပ်ပြာခွက် ၂၂ ခွက် (စုစုပေါင်း အလေးချိန် ၂၄၂ ဂရမ်ခန့်) WY စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ ထုတ်၊ စုစုပေါင်းဆေးပြား ၃၉၅၀ ပြား (အလေးချိန် ၃၉၅ ဂရမ်) ရှာဖွေသိမ်းဆည်းရခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အသက် ၂၄ နှစ်မောင် အညီမွန်၊ အသက် ၂၂ နှစ် မောင်အိုက်ကျိန် မန်တုန်မြို့နယ်၊ ဟိုတုံကျေးရွာနေသူတို့သည် မူးယစ်ဆေးဝါးများကို မန်တုံ-မိုးမိတ်၊-မဘိန်း-ဗန်းမော်မှတစ်ဆင့် မြစ်ကြီးနားအထိ သယ်ယူပို့ဆောင်ခ တစ်ယောက်ကျပ် ၅ သိန်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နယ်မြေခံရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးကို ဒေါ့ဖုန်းယန်နယ်မြေခံရဲစခန်းက မူးယစ် (ပ) ၆/ ၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/ ၁၉(က)/ ၂၁ အရ
အမှုဖွင့် အရေးယူထားသည်။

R-14


  • VIA