News

POST TYPE

REGIONAL

ကျောင်းအပ်လက် မခံနိုင်တော့ဟု ကြေညာသည့်ကျောင်း ကျောင်းအပ် ပြန်လက်ခံ
05-Jun-2017
မိတ္ထီလာ၊ ဇွန် ၅

မြင်းခြံမြို့အနောက်ဖက် ၅ မိုင်ခန့်အကွာရှိ ထနောင်းတိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ခန်း၊ စာသင်ခုံ၊ ဆရာ၊ ကျောင်းသားအချိုး အခြေအနေများကြောင့် အထက်တန်းကျောင်းသားများ ကျောင်းအပ်လက်မခံနိုင်တော့ကြောင်းကြေညာခဲ့ရာ ယနေ့(ဇွန်လ ၅ရက်)တွင် ပြန်၍ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်း ကျောင်းကော်မတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေစိုးက ပြောကြားသည်။

“ထနောင်းတိုင်ကျောင်းမှာ တောင်သာနယ်ဘက်က လာအပ်တဲ့ကျောင်းသားတွေကို အစပိုင်းတုန်းက ပထမဦးပေးအနေနဲ့ လက်ခံသေးတယ်။ ရှမ်းပြည်ဘက်က လာအပ်တာမျိုးက ခုံအခက်အခဲ အခန်းအခက်အခဲ ဖြစ်သွားတယ်၊ အဲဒီအချိန်မှာ ခဏရပ်တယ် ဆိုပြီးတော့ ဆရာမကြီးက ထွေအုပ်ကိုရော စာတင်ပြီးတော့ ကျွန်တော်တို့က ညှိနှိုင်းနေတာပါ။ ဒီနေ့တော့ ကျောင်းအပ်ပြန်လက်ခံနေပါပြီ”ဟု ဦးနေစိုးက ပြောကြားသည်။

ကျောင်းအပ်လက်မခံနိုင်တော့ကြောင်း ကြေညာချက်သည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာ အထက်တန်းကျောင်းသို့ ဇွန်လ ၄ ရက်က လာရောက် ညှိနှိုင်းပေးပြီးနောက် ကျောင်းအပ်ခြင်းကို ဆက်လက် လက်ခံမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် ကျောင်းဆောင် အဆောက်အအုံအတွက် ကျေးရွာမှ ယာယီထန်းရွက်တဲကို ယခုသီတင်းတစ်ပတ်အတွင်း အပြီး ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ယင်းကျေးရွာထံမှ သိရှိရသည်။

လက်ရှိ အနေအထားအရ အဆိုပါကျောင်းတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၁၈၅၀ ဦးခန့်ရှိပြီး၊ ကျောင်းသည် ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်အတွက် စာစစ်ဌာနအဖြစ် သတ်မှတ်ခံရသဖြင့် ကျေးရွာတွင် ဘော်ဒါများ၊ ကျူရှင်များစုပြုံလာကာ နယ်စပ်ဒေသများကပင် လာရောက်ကြသဖြင့် ယင်းသို့ ကျောင်းအပ်သူများလာခြင်း ဖြစ်သည်ဟု ယင်းကျောင်းထံမှ သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။

R-01


  • VIA