News

POST TYPE

REGIONAL

မူဆယ်မြို့ရှိ CB ဘဏ်သို့ KIA အဖွဲ့ ဆက်ကြေးတောင်းစာပို့ဟု တပ်မတော် ထုတ်ပြန်
05-Jun-2017
ရန်ကုန်၊ ဇွန် ၄

ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) က မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ CB ဘဏ်သို့ ဆက်ကြေးငွေ ပေးဆောင်ရန် ခြိမ်းခြောက်စာပို့ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မူဆယ်မြို့ တောင်ရပ်ကွက်ရှိ CB ဘဏ်သို့ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး ရောက်လာပြီး ‘အခွန်ထမ်းဆောင်ရန် အသိပေး အကြောင်းကြားခြင်း’ ခေါင်းစဉ်ပါ ခြိမ်းခြောက် ဆက်ကြေးတောင်းသည့်စာ ပေးပို့ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ယင်းခြိမ်းခြောက်စာတွင် K.I.O/K.I.A (တောင်ပိုင်းတိုင်း) အဖွဲ့ အနေနှင့် ဒေသအတွင်း စီးပွားရေး လာရောက်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းရှင်များ၊ အစုအဖွဲ့နှင့် ကုမ္ပဏီများထံမှ နှစ်စဉ် အခွန်ကောက်ခံမှုများ ပြုလုပ်နေပြီး CB ဘဏ်အနေနှင့် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ငွေ သိန်းခြောက်ရာကို ပေးဆောင်ရမည်ဟု သတိပေးစာတွင် ပါရှိသည်။

ယင်းသို့ ဆက်ကြေးငွေ ပေးဆောင်ရန် K.I.O/K.I.A (တောင်ပိုင်းတိုင်း) အဖွဲ့ အနေနှင့် မေလ ၉ ရက်နေ့တွင် တစ်ကြိမ်အကြောင်းကြားပြီးသော်လည်း လာရောက်ပေးဆောင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ နောက်ဆုံးအကြိမ် လာရောက်သတိပေးခြင်း ဖြစ်ပြီး CB ဘဏ် အနေနှင့် ဇွန်လ ၁၉ ရက် နောက်ဆုံးထား ပေးပို့ရမည်ဟု ယင်းသတိပေးစာတွင် ပါရှိသည်။

K.I.O/K.I.A အနေနှင့် ယင်းသို့ ခြိမ်းခြောက်ဆက်ကြေးတောင်းသည့် စာများကို ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် မြဝတီဘဏ်၊ မေလ ၂၇ ရက်နေ့တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ပင်လုံ (၄) လမ်းရှိ ကုန်သည်တစ်ဦး ပိုင်ဆိုင်သော ပြောင်းဖူးဂိုဒေါင်သို့ ပေးပို့ခဲ့ခြင်းများ ရှိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်မှတစ်ဆင့် သိရသည်။

လက်ရှိ K.I.O/K.I.A (တောင်ပိုင်းတိုင်း) အဖွဲ့က CB ဘဏ်သို့ ခြိမ်းခြောက်သတိပေးစာ ပေးပို့မှုနှင့် ပတ်သက်ပြီး ယင်းနေရာအနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးများ  ဆောင်ရွက်ပေးနေကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေး ကော်မတီထံမှ သိရသည်။

J-09