News

POST TYPE

REGIONAL

မိတ္ထီလာတွင် ဘာသာရေး အဆောက်အအုံ မဟုတ်သည့် ဝတ်ပြုရာနေရာ သုံးခုကို တားမြစ်
04-Jun-2017
မိတ္ထီလာ၊ ဇွန် ၃

မိတ္ထီလာမြို့ရှိ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ သီရိမင်္ဂလာရပ်ကွက်တွင် ဘာသာရေး အဆောက်အအုံ မဟုတ်သော နေရာသုံးခုတွင် စုပေါင်းဝတ်ပြုခြင်း မလုပ်ရန် ဇွန်လ  ၃ ရက်နေ့က တားမြစ်လိုက်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့က ခွင့်မပြု၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဌာနဆိုင်ရာ အကြီးအကဲများ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ရပ်ကွက်ဒေသခံ အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံကာ တားမြစ်ချက် ထုတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“အဓိက ကတော့ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်ကို ချပြရှင်းလင်းတာပါ။ အောက်မှာက ဒီညွှန်ကြားချက်နဲ့အညီ မဆောင်ရွက်တဲ့အတွက် မြို့နယ်စီ/ခန့် အဖွဲ့က ချပြရှင်းလင်းတာ ဖြစ်ပါတယ်။ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ဖို့  သက်ဆိုင်တဲ့ ဗလီအဖွဲ့ကို ခေါ်ပြီး ချပြရှင်းလင်းတာပါ” ဟု မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောကြားသည်။

တိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်မှာ မေလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ညွှန်ကြားချက်အရ ခွင့်ပြုချက် မရှိသော နေရာများတွင် စုပေါင်းဝတ်ပြုခွင့် မရှိကြောင်း ၎င်းက ရှင်းပြသည်။

သီရိမင်္ဂလာရပ်ကွက်တွင် တရားဝင် ဗလီနှစ်လုံး ရှိခဲ့သော်လည်း ဝတ်ပြုရန် ခွင့်ပြုချက် မရသေးသဖြင့်  ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး မကောင်းသူများသည် မိတ္ထီလာမြို့အတွင်း ဗလီဖွင့်ထားသော နေရာများသို့ သွားရောက်ဝတ်ပြုရန် နေရာအခက်အခဲ၊ အချိန်အခက်အခဲများ ရှိကြောင်း၊ ယင်းအခက်အခဲများကြောင့် ကိုယ့်အစီအစဉ်နှင့်ကိုယ် ရပ်ကွက်အတွင်း ဝတ်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများက အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုနိုင်မည့်နေရာ သတ်မှတ်ပေးရန် တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးဆန်းဝင်းရှိန်က ပြောဆိုသည်။

မိတ္ထီလာမြို့တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့်  ၂၀၁၃ ခုနှစ်မတိုင်မီက မြို့တွင်း၌ ဗလီ ၁၃ လုံး ရှိခဲ့ပြီး ပဋိပက္ခပြီးချိန်မှ လက်ရှိအချိန်အထိ ဗလီငါးလုံးခန့် ပြန်ဖွင့်ထားကြောင်း၊ ဘန်ဂါလီဗလီ၊ ဒိုဘီကုန်းဗလီ၊ တူရကီဗလီ၊ ချမ်းအေးသာယာဗလီနှင့် နန်းတော်ကုန်းဗလီတို့ ဖွင့်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။   

R-01