News

POST TYPE

REGIONAL

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ အသက် ၉၀ အထက် ဘိုးဘွား ၁၈၂ ဦး လူမှုရေးပင်စင် ရရှိမည်
03-Jun-2017

ကျိုင်းတုံ၊ ဇွန် ၃

နိုင်ငံတော်က အသက် ၉၀ နှစ်အထက် ဘိုးဘွားများကို ဇွန်လ ၁၅ ရက်မှစတင်၍ လူမှုရေးပင်စင်များ ပေးအပ်မည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်ကိုးခုရှိ ဘိုးဘွား ၁၈၂ ဦး လူမှုရေးပင်စင် ရရှိမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးကျော်သူနိုင်က ပြောကြားသည်။

“အထူးဒေသ မိုင်းလားမြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အကူအညီနဲ့ အသက် ၉၀ နှစ်အထက် ဘိုးဘွားတွေကို စာရင်း ကောက်ယူခဲ့တယ်။ ဒီလ ၁၅ ရက်နေ့မှာ ဘိုးဘွား ၁၈၂ ဦးအတွက် တစ်လကို တစ်သောင်းကျပ်နှုန်းနဲ့ သုံးလစာ ခွဲပြီးပေးအပ်မှာပါ။စာရင်း ကောက်ယူတာမှာ ကျန်နေတဲ့ဘိုးဘွားတွေ ရှိရင်လည်း လာအကြောင်းကြားပေးရင် ထပ်မံပေးမှာပါ”ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံမြို့နယ် အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူဦးရေ ရှစ်သိန်းခန့်ရှိရာ လူဦးရေ အချိုးအစားအရ အသက် ၉၀ နှစ်အထက် ဘိုးဘွားအနည်းဆုံး ထောင်ချီရှိနိုင်ကြောင်း၊နိုင်ငံတော်အနေနှင့် ယင်းဘိုးဘွားများကို လစဉ် ကျပ်တစ်သောင်းနှုန်း ထောက်ပံ့မည်ဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရဖြည့်တင်းရေး ကုန်ကျစရိတ် အထိုက်အလျှောက် ပြေလည်မည်ဖြစ်၍ ကျန်ရှိနေနိုင်သည့် ဘိုးဘွားများစာရင်းကို စနစ်တကျ ကောက်ယူသင့်ကြောင်း ကျိုင်းတုံမြို့ဒေသခံ မြို့မိမြို့ဖ တစ်ဦးက သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ၉၀ နှစ်အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ပေးအပ်နိုင်ရန်အတွက် စာရင်းများ ကောက်ယူခဲ့ရာ လက်ရှိ ဘိုးဘွား ၃၂၀၀၀ ဦးရှိကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဘိုးဘွား ၁၈၂ ဦး လူမှုရေးပင်စင် ရရှိမည်ဖြစ်ရာ ကျန်ရှိနေသည့် ဘိုးဘွားများအနေနှင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးကျော်သူနိုင် ဖုန်း ၀၉ ၄၂၀၇၀၇၆၁၉ နှင့် ရုံးဖုန်း ၀၈၄ ၂၂၅၂၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

R-16


  • VIA