News

POST TYPE

REGIONAL

သြစတေးလျ ကျောင်းသားဟောင်းများအဖွဲ့က ချောင်းသာကမ်းခြေတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုပြုလုပ်
03-Jun-2017

ပုသိမ်၊ ဇွန်လ ၃

မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းများအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသခံများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများ အစိုးရဌာနဆိုင်ရာများနှင့် လက်တွဲကာ “CLEAN BEACH – CLAEN WATER CAMPAIGN”ကို မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ချောင်းသာကမ်းခြေဒေသ အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကမ်းခြေ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သာယာလှပရေးနှင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ချောင်းသာရွာမ ဓမ္မာရုံမှာ ဒေသခံများကို ပညာပေး ဟောပြောပွဲ ပြုလုပ်ကာ ချောင်းသာကမ်းခြေ ဟိုတယ်ဇုန် လုပ်ငန်းရှင်များအဖွဲ့၊ ဟိုတယ်ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချောင်းသာကမ်းခြေရှိ ဧရာဝတီဟိုတယ်တွင် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့က ဒေသခံ အင်အား ၅၀၀ ဝန်းကျင်ဖြင့် ချောင်းသာ ကမ်းခြေတစ်လျှောက်တွင် စုပေါင်း အမှိုက်ကောက်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းများ အဖွဲ့အား စတင်တည်ထောင်သူ မမေမိုးဝါက The Voice သို့ ပြောသည်။

“သန့်ရှင်း အန္တရာယ်ကင်းပြီး ပိုမိုကောင်းမွန်တဲ့ အပန်းဖြေ ပင်လယ်ကမ်းခြေ ဖြစ်လာစေဖို့အတွက် “CLEAN BEACH – CLAEN WATER CAMPAIGN”ကို လုပ်တာပါ၊ ပြည်ပမှာ ပညာသင်ပြီး ကိုယ့်တိုင်းပြည် ပြန်လာကြတယ်။ သက်ဆိုင်ရာ လုပ်ငန်းတွေမဝင်မီ ကျမတို့အဖွဲ့အနေနှင့် လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်ကြတာပါ၊ ကယ်ဆယ် အကူအညီပေးရေး လုပ်ငန်းတွေအပြင် သဘာ၀ ပတ်ဝန်းထိန်းသိမ်းရေးဆိုင်ရာနဲ့ လူမှုဘ၀ ဖွံ့ဖြိုးရေး အသိပညာပေး လှုပ်ရှားတွေ လုပ်ကြတာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ချောင်းသာ ကမ်းခြေဒေသတွင် လူမှုဘ၀ အခြေအနေများ ဖွံ့ဖြိုးလာသည့်နှင့်အမျှ ယိုယွင်းလာသည့် သဘာဝ ပတ်ဝန်းကျင် အခြေအနေများကိုလည်း ထိန်းသိမ်းရန်နှင့် သဘာဝ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရန် လိုအပ်ကြောင်း၊ ကမ်းခြေဒေသရှိ ရေထု မြေထု လေထုကို ထိန်းသိမ်းမှသာ ဒေသတွင်း ဖွံ့ဖြိုးမှု အရှည်တည်တန့်ပြီး ရေရည် အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြောင်း မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းများအဖွဲ့မှ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းဆိုင်ရာ ကျွမ်းကျင်သူ ဦးဖြိုးသူက အကြံပြုသည်။

မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းများအဖွဲ့ကို ၂၀၁၄ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင်း ပြည်တွင်းစစ် ဒုက္ခသည်များ၊ ရေဘေး လေဘေး ကဲ့သို့သော သဘာဝဘေးဒါဏ်ကျရောက်ရာ ဒေသများသို့ အကူအညီပေးသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း၊ ၂၀၁၇ ခုနှစ်မှစတင်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ကြပြီး ချောင်းသာကမ်းခြေဒေသ “CLEAN BEACH – CLAEN WATER CAMPAIGN” လှုပ်ရှားမှုမှာ ထိုအဖွဲ့၏ ပထမဆုံး ကမ်းခြေဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုဖြစ်ကြောင်း မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းအဖွဲ့မှ သိရသည်။

ချောင်းသာ ပင်လယ် ကမ်းခြေဒေသ အပန်းဖြေစခန်းသည် နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိလာပြီး၊ လူမှုဘ၀ ဖွံ့ဖြိုးမှုရှိလာသော်လည်း တောတောင်များတွင် သစ်ဝါးခုတ် မီးသွေးဖုတ်ခြင်း၊ ဒီရေတောများ ကွယ်ပျောက်လာခြင်းတို့ကြောင့် ရေေ၀ ရေလဲနှင့် ဂေဟစနစ်များ ပျက်စီးလာကာ ပင်လယ်ရေ ညစ်ညမ်းလာခြင်း ကမ်းခြေတစ်လျှောက် အချို့သော ဈေးသည်များ၊ ဟိုတယ်တည်းခိုခန်းများ၊ ဧည့်သည်များ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းမှ ကမ်းခြေတွင် သဲတူးယူမှုကြောင့် ကမ်းခြေ သောင်ပြင် ပျက်စီးလာကာ ကမ်းခြေတစ်လျှောက် အပန်းဖြေရန် နေရာကျဉ်းမြောင်းလာခြင်းနှင့် ကမ်းခြေ သန့်ရှင်းလှပမှု လျော့ကျလာခြင်းတို့ကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်၍ ကမ်းခြေသန့်ရှင်းလှပဖို့အတွက် ရေတိုရေရှည် စီမံချက်များ လုပ်ငန်းများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ချောင်းသာဒေသ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

R-12


  • VIA